စပိန်ပုံစံကစားဖို့ဆိုတာ အင်္ဂလိပ်တွေရဲ့ DNA ထဲမှာ မရှိဘူးလို့ ပွဲကြီးပွဲကောင်းမတိုင်ခင် ဂေါ်ဒွန် ထုတ်ဖော်ပြောကြား
လာမယ့်စနေညပိုင်း၊ စပိန်အသင်းနဲ့ရင်ဆိုင်ရမယ့် ပွဲကြီးပွဲကောင်းမတိုင်ခင် ဂေါ်ဒွန်က အင်္ဂလန်အသင်းရဲ့ကစားဟန်ကို ထောက်ခံပြောဆိုခဲ့ပါတယ်။
ဒီပွဲစဉ်မတိုင်ခင် သောမတ်စ်တူချယ်ရဲ့လူစာရင်းမှ လီဗရာမန်တို၊ မိုင်နူး၊ ပယ်လ်မာ၊ ရက်ရှ်ဖို့ဒ်နဲ့ ဒီကလန်ရိုက်စ်တို့ နုတ်ထွက်ခဲ့ကြပြီး သူတို့နေရာမှာ ဂျိမ်းစ်ဂါနာနဲ့ ဂစ်ဝှိုက်တို့ လတ်တလောအစားထိုးဝင်ရောက်လာပါတယ်။
အင်္ဂလန်က အခုနွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာ ရရှိခဲ့ပြီး ၁၉၆၆ ခုနှစ်၊ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်ပိုင်း အကောင်းဆုံးနဲ့ ဂုဏ်ယူစရာ အခိုက်အတန့်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။
အခုတော့ တူချယ်ရဲ့အသင်းက ကမ္ဘာ့ဖလားချန်ပီယံစပိန်နဲ့ ရင်ဆိုင်သွားရဖို့ရှိပြီး နောက်ဆုံးအကြိမ် ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ အိုရာဇာဘယ်လ်ရဲ့သွင်းဂိုးနဲ့ စပိန်တို့ ဗိုလ်စွဲခဲ့ပါတယ်။
ပွဲစဉ်မတိုင်ခင် သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ဂေါ်ဒွန်က အင်္ဂလန်အတွက် စပိန်ရဲ့အသေးစိတ်ကျလှတဲ့ ဘောလုံးပိုင်ဆိုင်မှုအသားပေးကစားဟန်ကို အတုယူလို့ မရဘူးလို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့က တခြားနိုင်ငံတွေကိုပဲ ကြည့်ပြီး သူတို့လိုဖြစ်လာအောင် အမြဲတစေ ကြိုးစားနေလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က သူတို့ မဟုတ်လို့ပါပဲ။ ကျွန်တော်တို့က အင်္ဂလိပ်လူမျိုးတွေဖြစ်ပြီး သူတို့ဆီမှာမရှိတဲ့ ကိုယ်ပိုင်အားသာချက်တွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်တဲ့ ကစားဟန်အတိုင်းပဲ စတင်ကစားသင့်ပါတယ်" လို့ ဂေါ်ဒွန်က ဆိုပါတယ်။
စိန့်ဂျော့ပတ်ခ်လေ့ကျင့်ရေးကွင်းအတွင်း နောက်ပိုင်းမှာလည်း ဂေါ်ဒွန်က "ဒါ အင်္ဂလိပ်တွေရဲ့ DNA ထဲမှာ မပါပါဘူး" လို့ ပြောပြန်ပါတယ်။
"ဒါက သင်ကြားပေးလို့ရတဲ့ အရာတစ်ခု ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ကျွန်တော် သေချာမသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု စပိန်မှာကစားနေရလို့ သူတို့တွေရဲ့ဘောလုံးထိန်းသိမ်းကစားပုံချင်း မတူညီဘူးဆိုတာကို ကျွန်တော်ကိုယ်တိုင် ဗဟုသုတအနေနဲ့ ပြောနိုင်လို့ပါပဲ။ တခါတရံ သူတို့တွေ ဘောလုံးရရှိထားချိန် ဆုံးဖြတ်ချက်ချပုံတွေကို ကြည့်ပြီး ဒီလိုဘောလုံးအမြင်မျိုး ဘယ်လိုများ ရှိလာတာလဲလို့တောင် တွေးမိပါတယ်။
ဒါက သူတို့ မွေးရာပါ တည်ဆောက်ထားတဲ့ ပုံစံပါပဲ။ နာမည်တပ်ပြီး ခေါ်ရမလားတောင် မသိပေမဲ့ သူတို့ကတော့ မတူညီတဲ့ပုံစံနဲ့ တည်ဆောက်ထားတယ်ဆိုတာ သေချာပါတယ်" လို့ ဆက်ပြောခဲ့ပါတယ်။
ဒါ့အပြင် စပိန်အသင်းအနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားထက်စာရင် အင်္ဂလန်သာ ပိုမိုခက်ခဲမယ့်ပြိုင်ဘက် ဖြစ်လိမ့်မယ်ဆိုတဲ့ ဘာစီလိုနာအသင်းဖော်သစ်တွေရဲ့ပြောဆိုမှုကို ကြားသိခဲ့ရတယ်လို့ ဂေါ်ဒွန်က ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ကြယ်ပွင့်ကစားသမားတွေ မပါဝင်လာပေမဲ့ အင်္ဂလန်နဲ့ စပိန်တို့ ထိပ်တိုက်တွေ့ဆုံရမယ့် စနေညပိုင်းပွဲစဉ်က စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။