အပြောင်းအရွှေ့သတင်းတွေနဲ့အတူ အင်္ဂလန်အသင်းမှာ နေရာရလာပေမဲ့ ဘဝင်မမြင့်၊ အောက်ခြေမလွတ်စေဖို့ မော်ဂန်ရိုဂျာစ်ကြိုးစားနေ
အင်္ဂလန်ကြယ်ပွင့်မော်ဂန်ရိုဂျာစ်က ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ဖြစ်လာပေမဲ့ ဘဝင်မမြင့်၊ အောက်ခြေမလွတ်သွားအောင် အမြဲသတိထားနေတယ်လို့ ပြောပါတယ်။
လတ်တလော အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဆီရောက်နေတဲ့ အက်စတွန်ဗီလာတိုက်စစ်မှူးက ဗီလာပတ်ခ်မှာ နောက်ထပ်ဘောလုံးရာသီတစ်ခုကို ခြေစွမ်းပြဖြတ်သန်းနိုင်ခဲ့ပြီးနောက် အခုနွေရာသီ၊ အာဆင်နယ်အသင်းရဲ့ အဓိကအပြောင်းအရွှေ့ပစ်မှတ် ဖြစ်လာပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားကို သူ့အကြောင်းထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ အင်္ဂလန်အတွက်ကစားပေးရတဲ့ ဖိအားတွေကို ဘယ်လိုကိုင်တွယ်လဲလို့ မေးမြန်းရာမှာ "တစ်ရက်ချင်းစီကိုပဲ အာရုံစိုက်ပြီး ပျော်အောင်နေပါတယ်" လို့ ဖြေခဲ့ပါတယ်။ "ကိုယ့်အကြောင်းကို ဒီလိုမျိုး ကောင်းကောင်းမွန်မွန် ပြောကြတယ်ဆိုတာ ဝမ်းသာစရာပါ" လို့ သူက ဆိုပါတယ်။
"ဒါ အရေးကြီးဆုံးပါပဲ။ ကျွန်တော် မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေပြီး ရှေ့ဆီ တိုးတက်နေတယ်ဆိုတာကို ပြသနေတာပါ။ ဒါ ကျွန်တော် ဖြစ်ချင်တဲ့အတိုင်းပါပဲ"
"ကျွန်တော် ပိုပြီးတိုးတက်ချင်ပါတယ်။ အခုလို မှန်ကန်တဲ့ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းမှာ ရှိနေတယ်ဆိုတာ ကျွန်တော့်ကို ပိုကောင်းလာအောင် ကူညီပေးပါတယ်။ အခုလို သတင်းတွေ ထွက်နေတာလည်း ကောင်းတဲ့ဘက်မှကြည့်ရင် ဝမ်းသာစရာပါ"
"ဒီသတင်းတွေကြောင့် ကျွန်တော် ဘဝင်မြင့်သွားစရာ မရှိပါဘူး။ ဒါပေမဲ့ လူတွေက ကျွန်တော့်အကြောင်း ဒီလိုမျိုး အကောင်းပြောတာ ဒါမှမဟုတ် တခြားထိပ်တန်းကစားသမားတွေနဲ့နှိုင်းယှဉ်ပြီး ပြောကြတယ်ဆိုတာတော့ စိတ်ကျေနပ်စရာပါပဲ"
"အရင် ကျွန်တော့်အခြေအနေနဲ့ အခုရောက်နေတဲ့ နေရာကို နှိုင်းယှဉ်ကြည့်ရင် အခုလို လူပြောသူပြောများနေတာ ဂုဏ်ယူစရာပါ။ တကယ်ကို ကောင်းပါတယ်" လို့ ဆိုပါတယ်။
ရိုဂျာစ်က အက်စတွန်ဗီလာဆီ လွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်မှ ရောက်ရှိလာခဲ့ပေမဲ့ အဲ့ဒီအချိန်မှစလို့ သူ့ရဲ့တန်ဖိုး အကြီးအကျယ်တိုးတက်လာခဲ့ပါတယ်။ သူက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးလူငယ်ကစားသမားတစ်ဦး ဖြစ်လာသလို နည်းပြသောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းမှာလည်း အရေးပါတဲ့ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဆက်လက်ပြီး ရိုဂျာစ်က "ခြေစွမ်းတည်ငြိမ်ဖို့သာ အဓိကကျတဲ့အချက်လို့ ကျွန်တော် ထင်ပါတယ်။ တစ်ခါတလေမှ ခြေစွမ်းပြနိုင်တာထက် အမြဲတမ်းတည်ငြိမ်နေတဲ့ ကစားသမားတစ်ဦးဖြစ်ဖို့ ပိုအရေးကြီးပါတယ်" လို့ ဆိုပါတယ်။
"လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့နဲ့အတူရှိနေတဲ့ ဟယ်ရီကိန်းတို့၊ ဘယ်လင်ဂမ်တို့လို ကစားသမားတွေကို ကြည့်လိုက်ပါ။ သူတို့က ၅ နှစ်၊ ၆ နှစ်၊ ၇ နှစ်၊ ၈ နှစ်လောက်အထိ ခြေစွမ်းကို တည်ငြိမ်အောင် ထိန်းထားနိုင်ကြပါတယ်။ ဒါဟာ ကစားသမားကောင်းတစ်ဦးနဲ့ ထိပ်တန်းကစားသမားကြီးတစ်ဦးအကြား ကွာခြားချက်ပါပဲ"
"ကျွန်တော်လည်း အဲဒီလိုအဆင့်မျိုးဆီ ရောက်ချင်ပါတယ်။ အင်္ဂလန်ရဲ့ အကောင်းဆုံးကစားသမား၊ ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေအကြောင်း ပြောကြတဲ့အခါ ကျွန်တော့်နာမည် ပါဝင်လာတာမျိုးကို ဖြစ်ချင်တာပေါ့"
"ကျွန်တော်သွားရမယ့်လမ်းက အဝေးကြီးလိုပါသေးတယ်၊ သင်ယူစရာတွေနဲ့ တိုးတက်အောင် လုပ်စရာတွေလည်း အများကြီးရှိပါသေးတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော် လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ထင်ပါတယ်၊ ဒီကစားသမားကြီးတွေဆီမှ သင်ယူပြီး ခြေစွမ်းတည်ငြိမ်အောင် ကြိုးစားသွားပါမယ်။ အကောင်းဆုံးဖြစ်ဖို့အတွက်ဆိုရင် ခြေစွမ်းတည်ငြိမ်ဖို့က အဓိကသော့ချက်ပဲလို့ ကျွန်တော် ယူဆပါတယ်" လို့ ရိုဂျာစ်က နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။