The network connection is lost.

Banner Image

ကမ္ဘာ့ဖလားမှာ ဒဏ်ရာအသစ် ထပ်ရခဲ့ပေမဲ့ သူ့ရဲ့အိပ်မက် အဆုံးသတ်မှာမဟုတ်ဘူးလို့ဆိုလာတဲ့ ဝီလျံ

စပိန်အသင်းဟာ မာဆယ်လိုဘီယဲလ်ဆာရဲ့ ဥရုဂွေးအသင်းကို ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ယူပြီး အုပ်စု (H) ရဲ့ ပထမနေရာကို ရယူနိုင်ခဲ့တာကြောင့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်မှာ သြစတြီးယားအသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

လက်ရှိဥရောပချန်ပီယံ စပိန်အသင်းဟာ ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆုကို အရယူဖို့ ရည်မှန်းထားတဲ့ နည်းပြ လူးဝစ်ဒီလာဖွန်တေးရဲ့ လက်အောက်မှာ ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံးအသင်းတစ်သင်းအဖြစ် ရှိနေဆဲပါ။

နည်းပြ ဒီလာဖွန်တေးဟာ ၂၀၂၅-၂၆ ကလပ်ရာသီအကုန်မှာ ဒဏ်ရာရခဲ့တဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ လာမင်းယာမလ်နဲ့ နီကိုဝီလျံတို့ကို အလောတကြီးမသုံးဘဲ သတိထားပြီး ပြန်လည်အသုံးပြုနေတာလည်း ဖြစ်ပါတယ်။

လာမင်းယာမလ်ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ပေါင်နောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် ဟန်ဆီဖလစ်ခ်ရဲ့ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး လာလီဂါချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တဲ့ ရာသီအပိတ်ပွဲစဉ်တွေကို လွဲချော်ခဲ့ရသူပါ။

အသက် ၁၈ နှစ်အရွယ် ကစားသမားလေးဟာ ကိပ်ဗာဒီနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲစဉ် (၀-၀) မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး၊ ဆော်ဒီအာရေဗျကို ၄-ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာတော့ သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားသွင်းဂိုးကို ရယူနိုင်ခဲ့ကာ ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။

အခုထိတော့ လာမင်းယာမလ်ဟာ ပွဲချိန် ၉၀ မိနစ်ပြည့် ကစားနိုင်ခြင်း မရှိသေးသလို၊ နီကိုဝီလျံကလည်း ကြံ့ခိုင်မှုပြဿနာတွေကြောင့် အုပ်စုအဆင့် ၃ ပွဲလုံးမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းကတော့ ဒီနှစ်ဦးစလုံးဟာ စပိန်အသင်းအတွက် အစွမ်းပြနိုင်ခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ဝီလျံတစ်ယောက် ပေါင်ခြံနဲ့ ပေါင်နောက်ကြောဒဏ်ရာတွေနဲ့ နပန်းလုံးနေခဲ့ရပြီး၊ ဥရုဂွေးနဲ့ပွဲမှာလည်း နီကိုးလပ်စ်ဒီလာခရုဇ်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ပွဲနှောင်းပိုင်းမှာ ဒဏ်ရာအနာတရ ထပ်မံရရှိခဲ့တာပါ။

ဝီလျံတစ်ယောက် ကျန်ရှိနေတဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ဆက်လက်ပါဝင်နိုင်မလားဆိုတာ မသေချာသေးပေမဲ့ သူကိုယ်တိုင်ကတော့ ပြန်လည်ပါဝင်နိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး လူမှုကွန်ရက်ပေါ်မှာ အခုလို စိတ်လှုပ်ရှားဖွယ် သတင်းစကားကို ရေးသားခဲ့ပါတယ်။

"ဒီနေ့ဟာ ကျွန်တော့်ဘဝမှာ အဆိုးရွားဆုံးနေ့တွေထဲက တစ်နေ့ပါပဲ။ ခက်ခဲတဲ့ နှစ်တစ်နှစ်ကို ဖြတ်သန်းပြီးတဲ့နောက်မှာ ဒဏ်ရာထပ်ရပြန်ပါပြီ။ အသင်းဖော်တစ်ယောက်က သူကြုံတွေ့နေရတဲ့ အခြေအနေအပေါ် စိတ်ပျက်အားမလိုအားမရဖြစ်ပြီး ဒေါသထွက်တာကြောင့် လုပ်ခဲ့တဲ့ ဖျက်ထုတ်မှုမှာ ကျွန်တော် ဒဏ်ရာအသစ် ထပ်ရသွားတာပါ။ ဒါပေမဲ့ ဒါတွေက ကျွန်တော့်ကို တားဆီးထားနိုင်မှာ မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ပုံပြင်က ဒီမှာတင် အဆုံးမသတ်သေးပါဘူး။ ဒီကမ္ဘာ့ဖလားမှာ ကျွန်တော်တို့ အမြန်ဆုံး ပြန်တွေ့ကြပါမယ်" လို့ ရေးသားခဲ့ပါတယ်။

နည်းပြ ဒီလာဖွန်တေးဟာ တိုက်စစ်ရဲ့ ဘယ်တောင်ပံမှာ လာမင်းယာမလ်၊ မီကေးအိုယာဇာဘယ်လ်တို့နဲ့အတူ အလှည့်ကျ အသုံးပြုနေတာဖြစ်ပြီး နောက်ဆုံး ၂ ပွဲမှာတော့ အဲလက်စ်ဘေနာကို ရွေးချယ်အသုံးပြုခဲ့ပါတယ်။