ကမ္ဘာ့ဖလားမှာ ဒဏ်ရာထိုးနှက်ချက်တွေကို အံတုပြီး ပြင်သစ်အသင်းအတွက် ပါဝင်ကစားနေရတယ်လို့ ဆာလီဘာထုတ်ဖော်ပြောဆို
ပြင်သစ်အသင်းဗဟိုခံစစ်မှူးဆာလီဘာက ပြီးခဲ့တဲ့လအနည်းငယ်အတွင်း နောက်ကျောဒဏ်ရာပြဿနာခံစားခဲ့ရပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာ ဒဏ်ရာဒဏ်ချက်တွေကို အံတုရင်း ဆက်လက်ယှဉ်ပြိုင်ကစားနေရတယ်လို့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒီနောက်ခံလူက ပြီးခဲ့တဲ့ရာသီ၊ အာဆင်နယ်အသင်းရဲ့ နောက်ဆုံး ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာမှုကို ကူညီပေးနိုင်ဖို့ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ပြင်သစ်အသင်းအတွက်လည်း တတိယမြောက်ကမ္ဘာ့ဖလားချန်ပီယံဆုဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ဖို့ အမေရိကမြေမှာ ရာနှုန်းပြည့်ကြံ့ခိုင်မှု မရရှိသေးဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
"ကျွန်တော့်အတွက် လအနည်းငယ်ကြာ ဒဏ်ရာအနည်းငယ်စီ ရှိနေခဲ့ပါတယ်။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ရှိနေခဲ့လို့ အံကြိတ်ခံပြီး ကစားခဲ့ရပါတယ်။ ဒါပေမဲ့ နည်းပြအဖွဲ့ကလည်း ဒါကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းပေးခဲ့ပါတယ်" လို့ အီရတ်နဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားအုပ်စု(I)ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဆာလီဘာက ပြောကြားခဲ့ပါတယ်။
"ကမ္ဘာ့ဖလားဆိုတာ လေးနှစ်မှာ တစ်ကြိမ်သာ ကျင်းပလို့ ဒီလိုပဲ ဒဏ်ရာကိုအံတုပြီး ကစားရပါလိမ့်မယ်"
"ကျွန်တော့်မှာ ရာနှုန်းပြည့်ကြံ့ခိုင်မှု မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော့်လိုပဲ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိသေးတဲ့ ကစားသမားတွေ အများကြီးရှိကြလို့ ဆင်ခြေတွေပေးနေလို့ မရပါဘူး" လို့ သူက ဆိုပါတယ်။
ဆာလီဘာက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်သစ်အသင်းနဲ့စတင်ပူးပေါင်းချိန် သီးသန့်လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်ခဲ့ရပေမဲ့ ပြီးခဲ့တဲ့အင်္ဂါနေ့၊ ဆီနီဂေါအသင်းကို အနိုင်ရရှိတဲ့ အု်ပစုအဖွင့်ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ပြင်သစ်အသင်းက လာမယ့်တနင်္လာနေ့၊ ဖီလာဒဲလ်ဖီးယားမြို့မှာ အီရတ်အသင်းနဲ့ ရင်ဆိုင်ကစားပြီးနောက် နောက်လေးရက်အကြာမှာ နော်ဝေအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။