The network connection is lost.

Banner Image

ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ဥရုဂွေးအသင်းကို တိုက်စစ်ဖွင့်ကစားသွားမယ်လို့ ဆော်ဒီအာရေဗျနည်းပြ ဒိုးနစ် အခိုင်အမာပြောကြား

ဆော်ဒီအာရေဗျနည်းပြ ဂျော်ဂျီယို ဒိုးနစ်က တနင်္လာနေ့မှာ ယှဉ်ပြိုင်မယ့် ဥရုဂွေးနဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ သရေတစ်မှတ်ရဖို့အတွက်ပဲ ပိတ်ဆို့ကစားတဲ့ "Passive" ဖြစ်တဲ့ အသင်းမျိုး ဖြစ်လာမှာမဟုတ်ဘဲ မိုင်ယာမီကွင်းကြီးထဲမှာ တောင်အမေရိကအသင်းကို အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အုပ်စု (H) မှာ ဥရောပချန်ပီယံ စပိန်၊ ကိပ်ဗာဒီတို့နဲ့အတူ ကျရောက်နေတာကြောင့် ဆော်ဒီအသင်းအနေနဲ့ အနည်းဆုံးတော့ အကောင်းဆုံးအုပ်စုတတိယ ၈ သင်းထဲက တစ်သင်းအဖြစ် နောက်တစ်ဆင့်တက်လှမ်းနိုင်ရေး အခွင့်အရေးသာအောင် အရှုံးမရှိဖို့အတွက်ပဲ ကစားလိမ့်မယ်လို့ ယူဆစရာရှိနေပါတယ်။

ဒိုးနစ်ကတော့ အခုပွဲဟာ ဆော်ဒီအတွက် အရေးအကြီးဆုံးအုပ်စုပွဲစဉ်ဖြစ်လာနိုင်တယ်ဆိုတာကို လက်ခံပေမဲ့ အဲဒီလိုမျိုး တွေးတောတာဟာ သူအသင်းမှာ ပျိုးထောင်ပေးနေတဲ့ အယူအဆနဲ့ ဆန့်ကျင်နေပြီး "Green Falcons" လို့ ခေါ်တဲ့ ဆော်ဒီအသင်းဟာ အနိုင်ရဖို့အတွက်ပဲ ကွင်းထဲဆင်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ပြိုင်ဘက်ကို ဖိအားပေးဖို့ အဆင်သင့်ပါပဲ။ စနစ်တကျ ခုခံကစားဖို့လည်း အဆင်သင့်ရှိသလို တန်ပြန်တိုက်စစ်ဆင်ဖို့နဲ့ အခွင့်အရေးတွေ ဖန်တီးဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ" လို့ တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ပွဲက ဘယ်လိုဖြစ်လာမလဲဆိုတာ ကြိုမသိနိုင်ပေမဲ့ ပြိုင်ဘက်က ဘာလုပ်မလဲဆိုတာကိုပဲ စောင့်ကြည့်ပြီး တုံ့ပြန်ရတဲ့ အသင်းမျိုးဖြစ်အောင် ပြင်ဆင်မထားပါဘူး။ ယုံကြည်ချက်အပြည့်နဲ့ ကစားနိုင်မယ့် အသင်းတစ်သင်းဖြစ်ဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ဆော်ဒီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို အနိုင်ယူပြီး အကြီးမားဆုံး အံ့အားသင့်ဖွယ်ရာတွေထဲက တစ်ခုကို ဖန်တီးခဲ့ဖူးသလို၊ ၁၉၉၄ ခုနှစ် အမေရိကန်က အိမ်ရှင်အဖြစ် နောက်ဆုံးလက်ခံကျင်းပခဲ့စဉ်ကလည်း မော်ရိုကိုနဲ့ ဘယ်လ်ဂျီယံတို့ကို အနိုင်ယူပြီး နောက်တစ်ဆင့်ကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ဖူးပါတယ်။

ဒိုးနစ်က ဆော်ဒီကစားသမားတွေအနေနဲ့ အတိတ်က ဂုဏ်ယူစရာ အခိုက်အတန့်တွေကို လေးစားဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပေမဲ့ လက်ရှိ ဆော်ဒီပရိုလိဂ်ကို ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ကရင် ဘန်ဇီးမားတို့လို ကြယ်ပွင့်တွေ ရောက်လာတာဟာ တနင်္လာနေ့မှာ ဖက်ဒီရီကို ဗယ်ဗာဒီတို့လို ကစားသမားတွေကို ရင်ဆိုင်ရာမှာ ပိုပြီးအရေးပါလာနိုင်တယ်လို့ ယူဆနေပါတယ်။

"ကျွန်တော်တို့ ကစားသမားတွေဟာ နာမည်ကျော် ကြယ်ပွင့်တွေနဲ့ အသင်းဖော်အဖြစ်ဖြစ်စေ၊ ပြိုင်ဘက်အဖြစ်ဖြစ်စေ တွဲဖက်ကစားရတာ ကျင့်သားရနေပါပြီ။ သူတို့နဲ့အတူ လေ့ကျင့်တာ ဒါမှမဟုတ် ပွဲတွေမှာ ရင်ဆိုင်တာမျိုးတွေ ရှိပါတယ်။ ဒါဟာ ကျွန်တော့်ကစားသမားတွေအတွက် အားသာချက်တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က ပြိုင်ဘက်အားလုံးကို လေးစားမှုရှိပေမဲ့ တစ်ဖက်မှာလည်း ဒါတွေဟာ သူတို့အတွက် အသစ်အဆန်း မဟုတ်တော့လို့ပါပဲ" လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဆော်ဒီကလပ် ၄ သင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဒိုးနစ်က ဟာဗီ ရီနတ်ဆီကနေ အသင်းကို လွှဲပြောင်းရယူပြီးနောက် ပြင်ဆင်ဖို့အတွက် ၇ ပတ်ထက် ပိုလိုချင်ခဲ့ပေမဲ့ ကစားသမားတွေဟာ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ထူးခြားတဲ့ ကိုယ်ပိုင်ဟန်ကို လက်ခံကျင့်သုံးနေပြီလို့ ယုံကြည်နေပါတယ်။

"အရာအားလုံးက အရမ်းမြန်မြန်ဆန်ဆန် ဖြစ်သွားတာပါ။ ကစားသမားတွေကို အရင်ကတည်းက သိထားတာက အားသာချက်ဖြစ်ပေမဲ့ ပြိုင်ဘက်နည်းပြအဖြစ် သိတာနဲ့ ကိုယ်တိုင်ကိုင်တွယ်တဲ့ နည်းပြအဖြစ် သိရတာကတော့ အများကြီး ကွာခြားပါတယ်။"

"အတူတူ လေ့ကျင့်ခွင့်ရတဲ့အချိန်က တိုတောင်းပေမဲ့ ကစားသမားတွေရဲ့ အပြုအမူတွေက ကျွန်တော့်ကို ယုံကြည်မှု ရှိစေပါတယ်။ ကျွန်တော် ယုံကြည်ထားတဲ့ အယူအဆတွေအပြင် ကျွန်တော်တို့အသင်းဟာ တကယ်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းတစ်သင်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။