မိုဆာလက်ရဲ့လစာနှုန်းထားပမာဏကြောင့် ဆော်ဒီဆီပြောင်းရွှေ့မယ့်ကိစ္စ အဆင်မပြေဖြစ်လာနိုင်
လီဗာပူးဂန္ထဝင်ကစားသမားမိုဆာလက်ရဲ့ လစာတောင်းဆိုမှု မြင့်မားနေလို့ ဆော်ဒီဆီပြောင်းရွှေ့မယ့်အလားအလာတွေ အခက်တွေ့လာနိုင်တယ်လို့ သိရပါတယ်။
အသက် ၃၄ နှစ်အရွယ်ကစားသမားက အန်ဖီးလ်ကလပ်မှာ ကိုးနှစ်ကြာဖြတ်သန်းပြီးနောက် အံ့အားသင့်ဖွယ်ခရီးစဉ်ကို အဆုံးသတ်ပြီး လီဗာပူးမှထွက်ခွာလာပါတယ်။ အခုဆိုရင် သူက ကလပ်အသင်းလက်မဲ့ကစားသမား ဖြစ်နေပါပြီ။
ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကိုရှုံးနိမ့်ပြီး အီဂျစ်အသင်း ပြိုင်ပွဲမှထွက်ခွာလာပြီးနောက် မိုဆာလက်က အမေရိကန်မေဂျာလိဂ်၊ ဥရောပနဲ့ ဆော်ဒီကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုကို စတင်စဉ်းစားနေပါပြီ။
The Sun သတင်းစာရဲ့အဆိုအရ မိုဆာလက်ရဲ့မြင့်မားတဲ့လစာငွေနှုန်းထားတောင်းဆိုမှုကြောင့် ဆော်ဒီဆီပြောင်းရွှေ့မယ့်ကိစ္စ ပျက်ပြားသွားနိုင်တယ်လို့ သိရပါတယ်။
မိုဆာလက်က လီဗာပူးမှာကစားချိန် သီတင်းတစ်ပတ်လုပ်ခ ပေါင် ၄၀၀,၀၀၀ ဝန်းကျင် ရရှိခဲ့ပြီး ဆော်ဒီဆီ ပြောင်းရွှေ့ရမယ်ဆိုရင် အဲ့ဒီပမာဏထက်ပိုမိုရရှိဖို့ မျှော်လင့်နေပါတယ်။
ဆော်ဒီပရိုလိဂ်အတွက် အပြောင်းအလဲတွေ အများကြီးရှိနေချိန် အယ်လ်ဟီလယ်နဲ့ အယ်လ်ကတ်ဒ်ဆီယာအသင်းတွေက မိုဆာလက်အတွက် အမြင့်ဆုံးစာချုပ်တစ်ရပ်ပေးသွားဖို့ အခြေအနေကောင်းနေဆဲ ဖြစ်ပါတယ်။