ချန်ပီယံအာဂျင်တီးနားနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့တဲ့ အသင်းကစားသမားတွေကို ကိတ်ဗာဒီနည်းပြဘူဘစ္စတာ ချီးကျူး
ဒီနေ့(သောကြာနေ့)မနက်ပိုင်း၊ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ကမ္ဘာ့ချန်ပီယံဆုသုံးကြိမ်တိုင်တိုင်ဆွတ်ခူးထားနိုင်တဲ့ အာဂျင်တီးနားကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားရပြီးမှ ရှုံးနိမ့်သွားတဲ့ ကိတ်ဗာဒီကစားသမားတွေအတွက် နည်းပြဘူဘစ္စတာ အလွန်ဂုဏ်ယူနေပါတယ်။
ကမ္ဘာ့အဆင့် ၆၇ မှာ ရှိနေတဲ့ ဒီအာဖရိကအသင်းက သူတို့ရဲ့ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲခရီးစဉ်မှာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ သူတို့က အုပ်စုအဆင့်မှာ ချန်ပီယံဟောင်းတွေဖြစ်တဲ့ စပိန်နဲ့ ဥရုဂွေးတို့ကို သရေ၊ အခုမနက်ပိုင်းမှာလည်း လက်ရှိချန်ပီယံအာဂျင်တီးနားကို အချိန်ပိုမှသာ ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ခံစစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ဘူဘစ္စတာက ဒီအသင်းကို အကောင်းဆုံးပုံဖော်နိုင်ခဲ့ပြီး ထိပ်တန်းလိဂ်အတွေ့အကြုံမရှိတဲ့ သူ့အသင်းကစားသမားတွေကိုယ်တိုင် ရှုံးနိမ့်မှုအပေါ် တုံ့ပြန်ပုံတွေဟာ သူတို့တွေ ဘယ်လောက်အထိ တိုးတက်လာနေသလဲဆိုတာကို ပြသနေတယ်လို့ ယူဆထားပါတယ်။
"အသင်းဝတ်လဲခန်းထဲမှာတော့ အားလုံး စိတ်မကောင်းဖြစ်နေကြပါတယ်။ နိုင်ဖို့ အရမ်းနီးစပ်ခဲ့ပြီးမှ ပြိုင်ပွဲမှထွက်လိုက်ရလို့ တကယ်စိတ်မကောင်းပါဘူး။ ကစားသမားတွေ စိတ်မကောင်းဖြစ်နေပြီး တစ်ဦးနဲ့တစ်ဦး ဖက်ထားကြတယ်၊ ငိုနေကြတယ်။ ဒါက တိုးတက်လာမှုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါက ကျွန်တော်တို့ကို ပိုပြီးတိုးတက်စေသလို အသင်းမှာ စိတ်ဓာတ်ကောင်းရှိတယ်ဆိုတာကိုလည်း ပြသနေပါတယ်" လို့ ဘူဘစ္စတာက သတင်းထောက်တွေကို ပြောပါတယ်။
သောကြာနေ့ပွဲစဉ်မှာ အစဉ်အလာကြီးမားတဲ့အသင်းတစ်ခုနဲ့ မိနစ် ၁၂၀ ကြာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနိုင်ခဲ့တယ်ဆိုတာ ဂုဏ်ယူစရာပါလို့လည်း ဘူဘစ္စတာက ဆိုပါတယ်။ "ကျွန်တော့် ကစားသမားတွေ လုပ်ပြခဲ့တဲ့အရာအတွက် ဂုဏ်ယူပါတယ်။ သူတို့က သိက္ခာရှိရှိ၊ သတ္တိရှိရှိ ကစားခဲ့ကြပါတယ်" လို့ ကိတ်ဗာဒီနည်းပြက ဆက်ပြောပါတယ်။
"အာဂျင်တီးနားအသင်း ကမ္ဘာ့ချန်ပီယံဘာကြောင့်ဖြစ်နေလဲဆိုတာ သက်သေပြခဲ့ပါတယ်။ ကျွန်တော်တို့အသင်းလည်း ဒီပွဲကို ဘယ်လောက်အထိ အနိုင်လိုချင်သလဲဆိုတာ ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အာဂျင်တီးနားကို ၂ ဂိုးအထိသွင်းယူပြီး အချိန်ပိုအထိ ဆွဲခေါ်ယူနိုင်တဲ့အသင်းမျိုး သိပ်မရှိပါဘူး။ ဒါက ကျွန်တော်တို့အသင်းရဲ့စိတ်ဓါတ်နဲ့အရည်အချင်းကို ပြသနေပါတယ်။ ကစားသမားတွေက သတ္တိရှိရှိယှဉ်ပြိုင်ကစားခဲ့ပြီး ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဟန်ကိုလည်း ဘယ်တော့မှ အပျောက်အရှမခံခဲ့ပါဘူး" လို့ ဆိုပါတယ်။
ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးကစားဖို့တင်မက သူတို့ရဲ့ကျွန်းနိုင်ငံလေးရဲ့စိတ်ဓါတ်ပိုင်းကိုလည်း ပြသနိုင်ခဲ့တယ်လို့ ဘူဘစ္စတာက သုံးသပ်ပါတယ်။ "ဘောလုံးကစားတာထက် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဟန်ကို ကမ္ဘာသိအောင် ပြသဖို့ဆိုတာ ပိုအရေးကြီးပါတယ်။ ကျွန်တော်တို့က ပြိုင်ပွဲတစ်လျှောက်လုံးမှာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားချင်ခဲ့ပါတယ်။ တရားမျှတစွာကစားခဲ့သလို ပြိုင်ဘက်တွေကိုလည်း တန်းတူယှဉ်ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံငယ်လေးရဲ့ အစွမ်းအစကို ပြသနိုင်ခဲ့လို့ ကစားသမားတွေကို ကျေးဇူးတင်သင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။