အေစီမီလန်ရဲ့စိတ်ဝင်စားမှုမြင့်တက်လာချိန်မှာ ဖူလ်ဟမ်ရဲ့ကမ်းလှမ်းမှုကို လီဗာပူးနည်းပြဟောင်းအန်းစလော့ပယ်ချ
လီဗာပူးအသင်းနည်းပြဟောင်းအန်းစလော့က အခုသီတင်းပတ်အတွင်း ဖူလ်ဟမ်အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သတင်းမျာတွေအရ သိရပါတယ်။
အန်းစလော့က ပြီးခဲ့တဲ့ရာသီမှာ လိဂ်ပွဲစဉ် ၁၂ ပွဲအထိ ရှုံးနိမ့်မှုနဲ့အတူ လီဗာပူးအသင်းကို ဆုဖလားလက်မဲ့ ဖြစ်စေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့တောင် အသည်းအသန်ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် သူ့ရဲ့ရာထူးနေရာကို မကာကွယ်နိုင်ခဲ့ပါဘူး။
ဒီဒတ်ခ်ျလူမျိုးနည်းပြရဲ့နေရာမှာ ဘုန်းမောက်အသင်းကို ရှုံးပွဲမရှိစံချိန်ကောင်းတစ်ရပ်နဲ့အတူ ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ စပိန်လူမျိုးနည်းပြအီရာအိုလာက အစားထိုးဝင်ရောက်လာခဲ့ပါတယ်။
လတ်တလော Daily Mirror နဲ့ The Times သတင်းစာတွေရဲ့ဖော်ပြချက်အရ အန်းစလော့က လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် သူ့ရဲ့ အနာဂတ်လမ်းကြောင်းကို စဉ်းစားနေပြီး ဖူလ်ဟမ်အသင်းမှာ မာကိုဆေးလ်ဗားရဲ့နေရာအတွက် အစားထိုးနိုင်မယ့်အခွင့်အရေးကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ဒတ်ခ်ျဘောလုံးသတင်းထောက်မာဆယ်လ်ဗန်ဒါခရန်းကလည်း မရေမရာဖြစ်နေတဲ့ အန်းစလော့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး "တကယ်လို့ ကမ္ဘာ့ဖလားအပြီးမှာ ရော်နယ်ကိုးမန်းသာ နုတ်ထွက်ခဲ့ရင်... နယ်သာလန် လက်ရွေးစင်အသင်းမှာ နည်းပြနေရာ လစ်လပ်သွားပါလိမ့်မယ်။ အန်းစလော့က အဲဒီနေရာအတွက် အသင့်တော်ဆုံး စာရင်းဝင်ဖြစ်ပြီး သူကိုယ်တိုင်လည်း အရမ်းစိတ်ဝင်စားနေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ talkSPORT ဆီ ပြောကြားခဲ့ပါတယ်။
"သူက လက်ရွေးစင်အသင်းမှာ ဘောလုံးပေးပို့မှုတွေ၊ တိုက်စစ်ဆင်မှုတွေနဲ့ ဒတ်ခ်ျစတိုင် ဘောလုံးကစားဟန်ကို အကောင်းဆုံးအသုံးချနိုင်ပါလိမ့်မယ်။ ဒတ်ချ်တွေလည်း သူ့ကိုသာ ရရှိမယ်ဆိုရင် ပျော်ရွှင်ကြလိမ့်မယ်လို့ ထင်ပါတယ်" လို့ ဆိုပါတယ်။
အန်းစလော့က လီဗာပူးအသင်းကို ၁၁၃ ပွဲကိုင်တွယ်ခဲ့ရာမှာ ၆၆ ပွဲအထိ အနိုင်ရရှိခဲ့ပြီး စီးရီးအေဆီ ပြောင်းရွှေ့ဖို့ အလားအလာများပြားနေပါတယ်။