The network connection is lost.

Banner Image

ကမ္ဘာ့ဖလားမတိုင်ခင် ဂျာမနီရဲ့တိုက်စစ်ပိုင်းမှာ ကောင်းမွန်တဲ့ ပြဿနာရှိနေတယ်လို့ ယုံကြည်နေတဲ့ ကိုင်ဟားဗက်ဇ်

ဂျာမနီတိုက်စစ်မှူးကိုင်ဟားဗက်ဇ်က လာမယ့်သီတင်းပတ်အတွင်း အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့မှာ စတင်ကျင်းပတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ အသင်းရဲ့တိုက်စစ်ကစားသမားတွေ စုပေါင်းလုပ်ဆောင်နေပြီး ပွဲထွက်ခွင့်ရရှိဖို့အတွက်သာ တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်နေကြတာမျိုး မရှိပါဘူးလို့ ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့၊ အမေရိကန်ပြည်ထောင်စုဆီ ရောက်ရှိလာပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ကိုင်ဟားဗက်ဇ်က အသင်းလူစာရင်းထဲမှာ အခုလိုအရည်အသွေးရှိသူတွေ ရှိနေတယ်ဆိုတာ ကံကောင်းမှုတစ်ခုပဲလို့ ပြောဆိုပါတယ်။

ဂျာမနီနည်းပြဂျူလီယန်နာဂယ်လ်စမန်းရဲ့လက်အောက်မှာ တိုက်စစ်မှူးနဲ့ ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ် ဖလော်ရီယန်ဝစ်ဇ်၊ မူစီယာလာ၊ ဝေါ်လ်တီမိတ်၊ လင်နတ်ကားလ်တို့အပြင် ဆာနေးနဲ့ ကိုင်ဟားဗက်ဇ်တို့လို ကစားသမားတွေ အများအပြားရှိနေပါတယ်။

"ကျွန်တော်တို့တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ ဒါက တကယ်ကို ကောင်းမွန်တဲ့ ခေါင်းခဲစရာ ပြဿနာမျိုးပါ။ အသင်းမှာ ကစားသမားကောင်းတွေ နည်းနေတာထက် များများရှိနေတာက ပိုကောင်းပါတယ်" လို့ ပြီးခဲ့တဲ့သီတင်းပတ်၊ ပီအက်စ်ဂျီကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တဲ့ ကိုင်ဟားဗက်ဇ်က ပြောပါတယ်။

ဂျာမနီအသင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဖင်လန်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဖလော်ရီယန်ဝစ်ဇ်၊ မူစီယာလာ၊ အသက်-၁၈ နှစ်အရွယ်လန်နတ်ကားလ်နဲ့ အွန်ဒက်ဗ်တို့ကို ပွဲထွက်ခွင့်ပေးခဲ့ပြီး ကိုင်ဟားဗက်ဇ်ကိုတော့ ချန်ပီယံလိဂ်ဖိုင်နယ်ကစားထားရလို့ ချန်လှပ်ထားခဲ့ပါတယ်။ နာဂယ်လ်စမန်းရဲ့အသင်းက ဇွန် ၁၁ ရက်၊ ပြိုင်ပွဲကြီးမစတင်မီ စနေနေ့မှာ အမေရိကန်နဲ့ခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားသွားပါလိမ့်မယ်။

"ရွေးချယ်စရာတွေ အစုံအလင်ရှိပါတယ်။ ကစားသမားအားလုံးလည်း အရေးကြီးသလို နေရာစုံမှာ ကစားနိုင်တဲ့သူတွေ အများကြီးလည်း လိုအပ်ပါတယ်" လို့ ဖင်လန်နဲ့ပွဲမှာ နှစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီး ခြေစွမ်းပြနေတဲ့ အွန်ဒက်ဗ်ကြောင့် အသင်းတွင်းပြိုင်ဆိုင်မှုအပေါ် စိုးရိမ်မိသလားဆိုတဲ့မေးခွန်းကို ကိုင်ဟားဗက်ဇ်က တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

"သူ့ရဲ့စွမ်းဆောင်ရည်တွေက အထင်အရှား သက်သေပြနေပါတယ်။ သူက နိုင်ငံလက်ရွေးစင်အသင်းအတွက် တကယ်ကို အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါကို ကျွန်တော်တို့ကစားသမားတွေအားလုံး သိကြပါတယ်။ ဘယ်သူကမှ ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ ကျွန်တော်တို့က အသင်းအဖွဲ့လိုက် အလုပ်လုပ်ရမှာဖြစ်သလို လူတိုင်းကိုလည်း လိုအပ်လာပါလိမ့်မယ်"လို့ ဆက်ပြောခဲ့ပါတယ်။

ဂျာမနီအသင်းက ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ပြိုင်ပွဲတွေမှာ အုပ်စုအဆင့်မှ အံ့အားသင့်လောက်စရာကောင်းအောင် လှည့်ပြန်ခဲ့ဖူးလို့ အခုလိုကျဆင်းနေတဲ့ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့ ကြိုးစားသွားရပါမယ်။

ဂျာမနီအသင်းက ကမ္ဘာ့ဖလားအုပ်စု (E) မှာ ကျရောက်နေပြီး ဇွန် ၁၄ ရက်မှာ ကူရာကာအိုအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်ကစားကာ အိုင်ဗရီကို့စ်၊ အီကွေဒေါတို့နဲ့လည်း ဆက်လက်ရင်ဆိုင်သွားရပါမယ်။