လာမယ့်နိုဝင်ဘာလနိုင်ငံတကာသီတင်းပတ်အတွက် လူစာရင်းပိုင်းကို လျှော့ချသွားမယ်လို့ ကလော့ပ် ကတိပြု
ယမန်နေ့ညပိုင်း၊ ဂရိနဲ့သရေကျခဲ့တဲ့ပွဲစဉ်ကို ပြန်လည်သုံးသပ်ပြီးနောက် လာမယ့်နိုဝင်ဘာလအတွက် လူစာရင်းရွေးချယ်မှုမှာ ပိုမိုပြတ်သားစွာ တင်းကျပ်သွားမယ်လို့ ဂျာမနီလက်ရွေးစင်အသင်းနည်းပြယာဂန်ကလော့ပ်က ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလလယ်၊ နောက်ထပ်နိုင်ငံတကာသီတင်းပတ်ဆီ ထပ်မံရောက်ရှိလာချိန် သူ့ရဲ့လူစာရင်းပိုင်းကို သိသိသာသာလျှော့ချသွားမယ်လို့ ဂရိမြေပွဲစဉ်အပြီး RTL နဲ့တွေ့ဆုံချိန် ယာဂန်ကလော့ပ်က ပြောပါတယ်။
ဂရိနဲ့ ဂိုးမရှိသရေကျပြီးနောက် ကလော့ပ်က "ကျွန်တော်တို့ ဒီသီတင်းနှစ်ပတ်တာကာလကို စိတ်အေးလက်အေး ပြန်လည်သုံးသပ်သွားပါမယ်။ နောက်သီတင်းပတ်ငါးပတ်အကြာမှာတော့ လူဦးရေလျှော့ချထားတဲ့ လူစာရင်းနဲ့အတူ နိုင်ငံတကာပွဲစဉ်နှစ်ခုကို ပြန်လည် ကစားရပါမယ်" လို့ ပြောပါတယ်။
"သေချာတာပေါ့၊ ကျွန်တော်တို့ ကစားသမား ၄၄ ဦးအထိ ခေါ်ယူသွားဖို့ မရှိပါဘူး။ တံခါးကိုတော့ လူတိုင်းအတွက် ဖွင့်လှစ်ထားပါတယ်။ တကယ်လို့ တစ်ဦးတစ်ယောက်သာ လူစာရင်းမှာ မပါဝင်လာဘူးဆိုရင် ဒါက သူတို့အတွက် အရည်အချင်းမပြည့်မီလို့မဟုတ်ဘဲ ကျွန်တော်တို့ကိုယ်တိုင် ကစားသမား ၂၃ ဦး၊ ၂၄ ဦးလောက်ကိုသာ ကန့်သတ်ရွေးချယ်ရလို့ ဖြစ်ပါတယ်" လို့ လီဗာပူးနည်းပြဟောင်းက ဆက်ပြောပါတယ်။
ဒါက ဂျာမနီနည်းပြသစ်ရဲ့ လတ်တလော လေးပွဲကစားရတဲ့ အစီအစဉ်အတွက် ကစားသမား ၂၂ ဦးစီပါဝင်တဲ့ သီးခြားလူစာရင်းနှစ်ခုကို အသုံးပြုကာ ကစားသမားတွေကို စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
လက်ရှိရမှတ်ရှစ်မှတ်ဖြင့် အုပ်စုထိပ်ဆုံးမှာ ပူးတွဲရပ်တည်နေတဲ့ ဂရိနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ရလဒ်အပေါ် ကလော့ပ်က "ကျွန်တော်တို့ ဘယ်လိုအခြေအနေမှ လာခဲ့ရသလဲဆိုတာကို သိထားတာကြောင့် အလွန်ကျေနပ်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"အသင်းအပေါ် ကျွန်တော် အလွန်သဘောကျမိပါတယ်။ စိတ်ပျက်ရတာထက်စာရင် အံ့အားသင့်ဖွယ် ဝမ်းသာရတာမျိုး ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က ဒီလိုမျိုး ပထမပိုင်းပွဲချိန်ကို ကစားနိုင်လိမ့်မယ်လို့ အရင်တုန်းကဆိုရင် ယုံကြည်နိုင်စရာ မရှိခဲ့ပါဘူး"
"ကစားသမားတွေက မယုံနိုင်စရာ စွမ်းဆောင်ရည်တစ်ခုကို ပြသခဲ့ကြပြီး ရရှိတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာ ဒါမှမဟုတ် တိုက်စစ်အဆုံးသတ်ပိုင်းအတွက် ပိုကောင်းတဲ့နေရာမှာ ရှိနေတဲ့ အသင်းဖော်ကို ရှာမတွေ့ခဲ့တာကလွဲရင် ကဏ္ဍတိုင်းမှာ ထိပ်တန်းအဆင့် ရှိခဲ့ပါတယ်"
"မိနစ် ၆၀ ဝန်းကျင်လောက်မှာ ကျွန်တော်တို့ အနည်းငယ် ဟန်ချက်ပျက်သွားခဲ့တာကြောင့် ကျွန်တော်တို့ရဲ့လှုပ်ရှားမှုပုံစံ အနည်းငယ်ပျက်သွားခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့သုံးရက်လောက်ကတင် တစ်ပွဲကစားခဲ့ရလို့ မိနစ် ၉၀ ပြည့် ကစားကွက်အရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်"
"ကျွန်တော်တို့ရဲ့တန်ပြန်ဖိအားပေးမှု(counter-pressing)တွေက ပွဲကစားချိန် ၉၀ ရာခိုင်နှုန်းလောက်မှာတော့ အကောင်းဆုံး အလုပ်ဖြစ်ခဲ့ပါတယ်။ ပြဿနာကတော့ အလုပ်မဖြစ်ဘဲ ကျန်ရှိတဲ့ ၁၀ ရာခိုင်နှုန်းတာကာလအတွင်း အရာအားလုံး အနည်းငယ်ရှုပ်ထွေးသွားနိုင်တာပါပဲ" လို့ အသက် ၅၉ နှစ်အရွယ်နည်းပြက မှတ်ချက်ပြုခဲ့ပါတယ်။
ကလော့ပ်ရဲ့အသင်းက လာမယ့်နိုဝင်ဘာ ၁၃ ရက်မှာ ဆားဘီးယား၊ နိုဝင်ဘာ ၁၆ ရက်မှာ နယ်သာလန်တို့နဲ့ကစားရမယ့် လက်ကျန်နေးရှင်းလိဂ်ပွဲစဉ်နှစ်ခုအတွက် ပိုမိုကျစ်လစ်တဲ့လူစာရင်းကို ပြန်လည်ရွေးချယ်သွားပါလိမ့်မယ်။