ကမ္ဘာ့ဖလားမှာ ဘရာဇီးက အခြားအသင်းတွေထက်နောက်ကျကျန်နေသေးတယ်လို့ ကတ်စ်မဲရိုးသုံးသပ်
ဘရာဇီးကွင်းလယ်လူကတ်စ်မဲရိုးက လက်ရှိဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရေပန်းအစားဆုံးအသင်းစာရင်းမှာ မပါဝင်သေးဘဲ ပြင်ဆင်မှုပိုမိုခိုင်မာအားကောင်းတဲ့အသင်းအချို့ကခြေတစ်လှမ်းသာနေတယ်လို့ ပြောကြားလိုက်ပါတယ်။
နည်းပြကာလိုအန်ဆယ်လော့တီရဲ့ဘရာဇီးအသင်းဟာ မာရာကာနာကွင်းမှာ ပနားမားကို ၆-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်နဲ့အတူ ကမ္ဘာ့ဖလားအတွက်ပြင်ဆင်မှုတွေကို စတင်ခဲ့ပြီး ဇွန်လ ၆ ရက်နေ့မှာတော့ အီဂျစ်အသင်းနဲ့ နောက်ဆုံးခြေစမ်းပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မာကွင်ဟို့စ်မပါဝင်နိုင်ချိန် အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တဲ့ ကတ်စ်မဲရိုးက ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ဂိုးဖန်တီးမှုပါပြုလုပ်နိုင်ခဲ့ပါတယ်။
ဘရာဇီးအသင်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကတ်စ်မဲရိုးက"ကမ္ဘာ့ဖလားအတွက် ရေပန်းအစားဆုံးအသင်းဆိုပြီး ပြောဖို့ခက်ပါတယ်။ ကျွန်တော်တို့အသင်းက ပိုကောင်းလာမှာပါ။ ဒါပေမဲ့ Project တစ်ခုကို အပြည့်အဝ တည်ဆောက်ပြီးသားဖြစ်တဲ့ အခြားအသင်းတွေက ကျွန်တော်တို့ထက် ခြေတစ်လှမ်းသာနေပါတယ်။
နည်းပြ အန်ဆယ်လော့တီ နည်းပြအဖြစ်တာဝန်ယူတာ ရက်ပေါင်း ၄၀ လောက်ပဲ ရှိပါသေးတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ထက်ပိုပြီး အချိန်ယူတည်ဆောက်ထားနိုင်တဲ့ အခြားအသင်းတွေ ရှိနေပါတယ်။
ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်မှာပါ။ ဘာလို့လဲဆိုတော့ ကစားသမားတိုင်းရဲ့ရည်မှန်းချက်နဲ့ ငယ်စဉ်ကတည်းကမက်ခဲ့တဲ့အိပ်မက်တွေက အခုထိ လတ်ဆတ်နေဆဲမို့လို့ပါ" လို့ ပြောကြားခဲ့ပါတယ်။
ဘရာဇီးအသင်းဟာ ဇွန်လ ၁၃ ရက်နေ့မှာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် မော်ရိုကိုအသင်းနဲ့စတင်ကစားမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ဟေတီ၊ စကော့တလန်အသင်းတို့နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။