အင်တာမိုင်ယာမီမှာ အောင်မြင်မှုတွေဆက်လက်ရှာဖွေဦးမယ့် ကတ်စ်မဲရိုး
အင်တာမိုင်ယာမီကွင်းလယ်လူသစ် ကတ်စ်မဲရိုးက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာခဲ့ပေမဲ့ အောင်မြင်မှုတွေရယူချင်တဲ့ စိတ်ဓာတ်ကတော့ ဆက်ရှိနေဆဲပဲလို့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ မိတ်ဆက်ပွဲ အခမ်းအနားမှာပြောကြားလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ် ၅ ကြိမ် ရရှိခဲ့ဖူးသလို ယူနိုက်တက်ကို လိဂ်ဖလားနဲ့ အက်ဖ်အေဖလား ရရှိအောင်ကူညီပေးခဲ့တဲ့ ကတ်စ်မဲရိုးက အင်တာမိုင်ယာမီနဲ့ ၂၀၂၇ MLS Sprint ပြိုင်ပွဲပြီးဆုံးချိန်အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၉ ဇွန်လအထိ သက်တမ်းတိုးနိုင်မယ့် အခွင့်အရေးလည်း ပါဝင်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားမှာ ဘရာဇီးအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ကတ်စ်မဲရိုးက အင်တာမိုင်ယာမီ အသင်းပိုင်ရှင်တွေကို ကျေးဇူးတင်စကား ပြောကြားခဲ့သလို လီယွန်နယ် မက်ဆီနဲ့အတူ ကစားခွင့်ရရှိတာက ဂုဏ်ယူစရာတစ်ခု ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ကတ်စ်မဲရိုးက"အသင်းရဲ့ စီမံခန့်ခွဲသူပိုင်ရှင် ဂျော့ချ်မက်စ်၊ ပူးတွဲပိုင်ရှင် ဘက်ခမ်းတို့အပါအဝင် ကျွန်တော့်ကို ဒီနေရာကို ခေါ်ဆောင်ပေးခဲ့ကြတဲ့ မက်စ် မိသားစုတစ်ခုလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ပြီးတော့ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဖြစ်တဲ့ လီယိုမက်ဆီကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီမှာရှိနေရတာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။
အကောင်းဆုံးဖြစ်ချင်တဲ့ အနိုင်ရချင်တဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်တွေက ပျောက်ကွယ်မသွားပါဘူး။ ဘောလုံးမှာတော့ နိုင်မလား၊ ရှုံးမလားဆိုတာ မသိနိုင်ပေမဲ့ ကျွန်တော့်ရဲ့ ပေးဆပ်မှုနဲ့ ကြိုးစားအားထုတ်မှုကတော့ အရင်အတိုင်းပဲ ရှိနေမှာပါ။
ကျွန်တော် အင်တာမိုင်ယာမီမှာပဲ ကစားချင်တယ်ဆိုတာ မိသားစုကလည်း သိပြီးသားပါ။ ကျွန်တော်တို့ ဒီမြို့နဲ့ ဒီနိုင်ငံအကြောင်းကို သိထားပြီးသားဖြစ်လို့ ဒီနေရာလေးကို တကယ် ချစ်ကြပါတယ်"