ပေါင် ၁၇ သန်းတန် အဆင့်မြင့်ဇိမ်ခံသင်္ဘောကို ရော်နယ်ဒို၊ ဘက်ခမ်းတို့နဲ့အပြိုင်ဝယ်ယူလိုက်တဲ့ နေမာ
ဘရာဇီးလ်ကြယ်ပွင့် နေမာဟာ နိုင်ငံတကာဘောလုံးလောကကနေ အနားယူပြီးနောက် သူ့ရဲ့ဘဝစာမျက်နှာသစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေါင် ၁၇ သန်း (ဒေါ်လာ ၂၃ သန်း) တန်ကြေးရှိတဲ့ အဆင့်မြင့်ဇိမ်ခံသင်္ဘော (Superyacht) တစ်စီးကို ဝယ်ယူလိုက်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားကနေ ဘရာဇီးလ်အသင်း ထွက်ခွာခဲ့ရပြီးနောက် အသင်းကနေ အနားယူခဲ့တဲ့ နေမာဟာ အခုဆိုရင် ခရစ္စတီးယားနိုး ရော်နယ်ဒို၊ ဒေးဗစ်ဘက်ခမ်းတို့လိုပဲ ကိုယ်ပိုင်ဇိမ်ခံသင်္ဘောပိုင်ဆိုင်တဲ့ ထိပ်တန်းဘောလုံးသမားတွေစာရင်းထဲမှာ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။
နေမာရဲ့ နာမည်အတိုကောက် "NJ" ကို အသံထွက်ယူထားတဲ့ 'Enejota' လို့ အမည်ပေးထားတဲ့ အဆိုပါသင်္ဘောဟာ အရှည် ၄၆ မီတာရှိပြီး ဘရာဇီးလ်နိုင်ငံထုတ် ကုန်တင်သင်္ဘောတစ်စီးကို ပြန်လည်ပြုပြင်မွမ်းမံထားတာဖြစ်ကာ စတုရန်းမီတာ ၈၀၀ ဝန်းကျင်ရှိတဲ့ လူနေထိုင်ရာနေရာတွေ ပါဝင်ပါတယ်။
လောလောဆယ်မှာတော့ အဆိုပါသင်္ဘောကို အန်ဂရာဒေါ့စ်ရေးစ် (Angra dos Reis) ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီး မြင်းကောင်ရေ ၁,၄၅၀ စီ ထွက်ရှိတဲ့ Caterpillar အင်ဂျင် ၄ လုံးကို တပ်ဆင်အသုံးပြုထားပါတယ်။
နေမာအနေနဲ့ နိုင်ငံတကာဘောလုံးလောကကို အာရုံမထားတော့ဘဲ ဆန်းတို့စ်အသင်းနဲ့အတူ သူ့ရဲ့ကစားသမားဘဝ နောက်ထပ်ခြေလှမ်းတွေကို ဆက်လက်လှမ်းနေချိန်မှာ အခုလို ဇိမ်ခံသင်္ဘောဝယ်ယူမှုက သူ့အတွက် သီးသန့်အနားယူရာနေရာတစ်ခု ဖြစ်လာစေမှာပါ။