The network connection is lost.

Banner Image

ကတ်စ်မဲရိုးရဲ့နေရာမှာ အစားထိုးဖို့နဲ့ မိုင်နူးနဲ့အတူ တွဲကစားဖို့အတွက် ကွင်းလယ်လူ နှစ်ဦး လိုအပ်တယ်လို့ စတမ်း ဝန်ခံပြောကြား

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ယာပ်စတမ်းက ကွင်းလယ်ပိုင်း ပြန်လည်တည်ဆောက်ရေးအတွက် နွေရာသီမှာ ကလပ်အသင်းရဲ့ အစီအစဉ်တွေ ဘယ်လိုဖြစ်သင့်လဲဆိုတာကို ပြောကြားခဲ့ပါတယ်။

ကတ်စ်မဲရိုးဟာ မိုက်ကယ်ကားရစ်ရဲ့ အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် အဓိကကျတဲ့သူ ဖြစ်ခဲ့ပါတယ်။ သူဟာ လိဂ်ပွဲ ၃၃ ပွဲမှာ ၉ ဂိုးအထိ သွင်းယူပေးခဲ့သလို တစ်ရာသီလုံး ကွင်းလယ်ပိုင်းကိုလည်း အကောင်းဆုံး ထိန်းကျောင်းပေးနိုင်ခဲ့တာပါ။

ဒီဘရာဇီးလ်ကစားသမားဟာ ဘရူနိုဖာနန်ဒက်စ်၊ မိုင်နူးတို့နဲ့အတူ ကွင်းလယ်မှာ အပေးအယူမျှမျှတတ ကစားခဲ့တာဖြစ်ပြီး အကယ်၍ ကတ်စ်မဲရိုးသာ ဒီနွေရာသီမှာ အသင်းက ထွက်ခွာမယ်လို့ မကြေညာခဲ့ရင် သူတို့သုံးယောက်တွဲဟာ ချန်ပီယံဆုအတွက်တောင် စိန်ခေါ်နိုင်မှာ ဖြစ်ပါတယ်။

ComeOn နဲ့ အင်တာဗျူးမှာတော့ စတမ်းက ကားရစ်အနေနဲ့ လာမယ့်ရာသီ ကွင်းလယ်ပိုင်းမှာ အောင်မြင်မှုရဖို့ဆိုရင် အသင်းထဲကို ကစားသမားသစ် တစ်ယောက်တင်မကဘဲ နှစ်ယောက်အထိ ခေါ်ယူဖို့ လိုအပ်လိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

"လူတိုင်းက ဒီရာသီမှာ တကယ်ကို ခြေစွမ်းပြပြီး အသင်းအပေါ် လွှမ်းမိုးမှုရှိခဲ့တဲ့ ကတ်စ်မဲရိုးရဲ့နေရာမှာ အစားထိုးဖို့ ပြောနေကြပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီနဲ့ယှဉ်ရင် ကစားပုံပြောင်းလဲလာသလို ပိုပြီးတော့လည်း ကြံ့ခိုင်လာတယ်၊ ဂိုးတွေလည်း သွင်းတယ်၊ ပြီးတော့ သူ့ရဲ့ အတွေ့အကြုံတွေကိုသုံးပြီး သူ့ရဲ့ကစားကွက်အတွင်းမှာ တခြားကစားသမားတွေကိုလည်း ကူညီပေးခဲ့ပါတယ်" လို့ စတမ်းက ဆိုပါတယ်။

"အသက်ကြီးတဲ့ အတွေ့အကြုံရင့် ကစားသမားတွေတောင်မှ ယုံကြည်မှုရှိလာတဲ့အခါမှာ ပိုကောင်းလာတတ်တာဟာ သဘာဝပါပဲ။ ဒါပေမဲ့ ကွင်းလယ်ပိုင်းနေရာကတော့ သူတို့ ပြင်ဆင်ဖို့ လိုအပ်တဲ့ နေရာတစ်ခုပါပဲ။ သူတို့အနေနဲ့ ကစားကွက်တည်ဆောက်ပုံကို ထိန်းကျောင်းနိုင်ပြီး မိုင်နူးနဲ့အတူ အသင်းကို ဦးဆောင်နိုင်မယ့် အပြေးအလွှားကောင်းပြီး ဘောလုံးကျွမ်းကျင်တဲ့ နောက်ထပ်ကွင်းလယ်လူ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက် ခေါ်ယူဖို့ လိုပါတယ်။ ဒါမှလည်း ဘရူနိုက နံပါတ် ၁၀ နေရာမှာ ကစားနိုင်မှာဖြစ်ပြီး ဒါက ယူနိုက်တက်အတွက် အရမ်းအရေးကြီးတာကို ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ ဒါကြောင့် လူတိုင်းက အဲဒီနေရာအတွက် စဉ်းစားနေကြတာပါ" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "ကျွန်တော်ကတော့ ဘရိုက်တန်က ကားလို့စ် ဘာလီဘာကို သဘောကျတယ်၊ သူက ကျွန်တော့်အတွက် ထူးခြားနေတုန်းပါပဲ။ နယူးကာဆယ်က ဆန်ဒရို တိုနယ်လီကိုလည်း အဲဒီနေရာအတွက် သဘောကျတယ်။ ဒီနှစ်ယောက်ကတော့ ကျွန်တော် ယူနိုက်တက်မှာ မြင်ချင်တဲ့ ကစားသမားတွေပါပဲ" လို့လည်း စတမ်းက အကြံပြုခဲ့ပါတယ်။

နွေရာသီနီးကပ်လာတာနဲ့အမျှ အတ္တလန်တာက အီဒါဆင်ဟာ ယူနိုက်တက်ရဲ့ အဓိကပစ်မှတ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ စတမ်း ပြောတာသာ မှန်မယ်ဆိုရင်တော့ အသင်းအနေနဲ့ လာမယ့်လတွေမှာ ပစ်မှတ်ထားတဲ့ ကစားသမား တစ်ယောက်ထက်မက ခေါ်ယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။