ဘရာဇီးအသင်းအတွက် အရှိတရားနဲ့ မျက်မှောက်ပြုရင်ဆိုင်သွားရတော့မယ်လို့ ဖွင့်ဟပြောကြားလာတဲ့ ဒါနီလို
သမိုင်းကြောင်းနောက်ခံတွေရှိရုံနဲ့တင် ပွဲစဉ်တွေကို အလိုအလျောက် အနိုင်မရနိုင်ဘူးဆိုတာ နည်းပြအန်ဆယ်လော့တီရဲ့အသင်းကို မော်ရိုကိုအသင်း ပြင်းပြင်းထန်ထန် သတိပေးလိုက်ပြီးနောက် ဘရာဇီးနောက်ခံလူဒါနီလိုက သူတို့ရဲ့လတ်တလောအခြေအနေတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ရလိမ့်မယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
ဘရာဇီးအသင်းက အုပ်စု (C) အဖွင့်ပွဲစဉ်မှာ မော်ရိုကိုအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ စိုးရိမ်ဖွယ်သရေကျပြီးနောက် လာမယ့်စနေနေ့၊ ဖီလာဒဲလ်ဖီးယားမြို့မှာ ဟေတီအသင်းကို ရင်ဆိုင်ကစားသွားရပါမယ်။
ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အပြီး နည်းပြအန်ဆယ်လော့တီအပေါ် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီး အီတာလျံလူမျိုးနည်းပြအတွက် အသင်းပွဲထွက်လူစာရင်းပိုင်း အပြောင်းအလဲပြုလုပ်မလားဆိုတဲ့ စိန်ခေါ်မှု ထွက်ပေါ်လာခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲမှာ ဒါနီလိုက "အသင်းတိုင်းမှာ အမာခံကစားသမားအစုအဖွဲ့ဆိုတာ ရှိကြပါတယ်။ စီနီယာအသင်းကြီးမှာ အမြဲတမ်းပွဲထွက်ခွင့်ရရှိတဲ့ ကစားသမား ခြောက်ဦး၊ ခုနစ်ဦး၊ ရှစ်ဦးလောက်အထိ ရှိပါတယ်။ ပြီးတော့ ပွဲစဉ်၊ ပြိုင်ဘက်နဲ့ နည်းဗျူဟာပိုင်းအပေါ်မူတည်ပြီး အမြဲတမ်းလိုလို အလှည့်ကျကစားရတဲ့ ကစားသမားသုံးလေးဦးလောက် ရှိပါတယ်"
"ဒါဟာ ဒီနေ့ခေတ်ဘောလုံးကစားနည်းရဲ့သဘောတရားဖြစ်ပြီး နည်းဗျူဟာတွေလည်း ပြိုင်ဘက်အပေါ်မူတည်ပြီး အမြဲပြောင်းလဲလေ့ ရှိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
အန်ဆလော့တီက မော်ရိုကိုနဲ့ပွဲစဉ်မတိုင်ခင် နှစ်နာရီအလိုအထိ သူ့ရဲ့ပွဲထွက်လူစာရင်းကို လျှို့ဝှက်ထားခဲ့ပြီး ဒါနီလိုကတော့ ပွဲထွက်လူစာရင်းစောင့်ဆိုင်းရမှုကို ကစားသမားတိုင်း မကြိုက်ကြရင်တောင် မော်ဒန်ဘောလုံးလောကရဲ့တစိတ်တပိုင်းသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ဒီနေ့မှာဆိုရင်လည်း လာမယ့်ပွဲစဉ်အတွက် ၈၀ ရာခိုင်နှုန်းလောက် ပြင်ဆင်ပြီးသားဖြစ်ပေမဲ့ ကစားသမားသုံး၊လေးဦးအတွက်တော့ အခြေအနေတွေ မရေရာသေးပါဘူး" လို့ သူက ဆိုပါတယ်။
"(ပြုံးလျက်)နည်းပြတွေဆိုတာ နည်းနည်းထူးဆန်းကြပါတယ်။ တစ်ခါတစ်ရံမှာ ယုတ္တိရှိရှိ ရှင်းပြလို့မရတဲ့ ရွေးချယ်မှုတွေ၊ ဆုံးဖြတ်ချက်တွေကို သူတို့တွေ ချမှတ်လေ့ ရှိကြပါတယ်" လို့ ဒါနီလိုက ဆက်ပြောပါတယ်။
ဆက်လက်ပြီး ဘရာဇီးနောက်ခံလူ ပွဲထက်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူ့ရဲ့ပြင်ဆင်မှုပိုင်းအပေါ် သက်ရောက်မှုမရှိပေမဲ့ အခြားကစားသမားတွေအတွက်တော့ ပိုမိုသေချာတဲ့အခြေအနေမျိုး လိုအပ်နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။။
ဒါပေမဲ့ ဘရာဇီးအသင်းကိုယ်တိုင်လည်း ကွင်းတွင်းမရေမရာဖြစ်မှုတွေကို လျှော့ချဖို့ လိုအပ်ပါတယ်။ ဟေတီအသင်းက စကော့တလန်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲစတင်ခဲ့ပေမဲ့ ဒါနီလိုကတော့ ကိုယ်ပိုင်ခြေစွမ်းအပေါ်မှာသာ ဘရာဇီးအသင်း အဓိကအာရုံစိုက်ရမယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ရှိဖို့ လိုအပ်ပါတယ်" လို့ ဒါနီလိုက ဆိုပါတယ်။ "ပိုမိုကောင်းမွန်လာအောင်နဲ့ အမှားတွေကို ပြင်ဆင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အမှန်တရားကို ရင်ဆိုင်ဖို့ဖြစ်ပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြန်လည်သုံးသပ်ဖို့ပါပဲ။"
"ပထမပိုင်းစွမ်းဆောင်ရည်က ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေထက် သိသိသာသာလျော့နည်းခဲ့သလို ဘရာဇီးအသင်းဆီမှ မျှော်လင့်ထားနိုင်တဲ့ အခြေအနေမျိုး မဟုတ်ခဲ့ဘူးဆိုတာကို ကျွန်တော်တို့ သေချာပေါက် သိထားဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။