ဥရောပဝင်ခွင့်အတွက် ပိုမိုရည်မှန်းချက်ကြီးလာကြောင်း ဖွင့်ဟလာတဲ့ လီဘရစ်
ဆန်းဒါးလန်းအသင်းဟာ ဥရောပဝင်ခွင့် တစ်နေရာရဖို့ ကြိုးပမ်းနေပြီး အသင်းအနေနဲ့ “ပိုပြီး ရည်မှန်းချက်ကြီးလာပြီ” လို့ နည်းပြ ရက်ဂစ် လီဘရစ်စ်က ဝန်ခံပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (မေလ ၁၇ ရက်) က အဲဗာတန်အသင်းကို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပြီးနောက် ဆန်းဒါးလန်းဟာ အဆင့် (၉) နေရာကို ရောက်ရှိလာခဲ့ပြီး ကွန်ဖရင့်လိဂ်ဝင်ခွင့်ရမယ့်နေရာနဲ့ တစ်မှတ်အကွာကို ရောက်ရှိလာခဲ့တာပါ။ အခုဆိုရင် လီဘရစ်စ်ရဲ့ အသင်းဟာ ဒီရာသီ ပရီမီယာလိဂ် လက်ကျန်တစ်ပွဲပဲ ကစားဖို့ ကျန်ပါတော့တယ်။ အဲဒီပွဲကတော့ ဥရောပဝင်ခွင့်အတွက် အသည်းအသန် ကြိုးစားနေတဲ့ ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမယ့်ပွဲ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ လီဘရစ်စ်က Sky Sports ကို အခုလို ပြောကြားခဲ့ပါတယ်။ “ပထမပိုင်းကတော့ အဆင်ပြေပါတယ်၊ မဆိုးပါဘူး။ ဒါပေမဲ့ ပြိုင်ဘက်ရဲ့ ခံစစ်ကို လုံလောက်အောင် မခြိမ်းခြောက်နိုင်ခဲ့သလို set piece ကနေလည်း ဂိုးတစ်ဂိုး ပေးလိုက်ရပါတယ်။ ဒုတိယပိုင်းမှာတော့ ပိုပြီး ရည်မှန်းချက်ကြီးကြီးနဲ့ စွန့်စားကစားခဲ့သလို လူစားဝင်လာတဲ့ ကစားသမားတွေကလည်း အများကြီး ကူညီပေးနိုင်ခဲ့ပါတယ်။ အခုလို ရာသီအပိတ်ပိုင်းကာလမှာ အသင်းဟာ စည်းလုံးညီညွတ်မှု ရှိနေသေးတယ်ဆိုတာကို ပြသနိုင်ခဲ့တာက အရေးကြီးဆုံးအချက်ပါပဲ။ ရာသီကုန်ဖို့ နှစ်ပွဲအလိုမှာ လူတိုင်းကို တစ်သားတည်းဖြစ်နေအောင် လုပ်ဖို့ဆိုတာ မလွယ်ကူပေမဲ့ အခုတော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ။ ဒါကြောင့် လူစားဝင်ကစားသမားတွေအတွက်လည်း တကယ်ကို ဝမ်းသာမိပါတယ်” လို့ ဆိုပါတယ်။
ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ ပိုပြီး ရည်မှန်းချက်ကြီးလာပါပြီ။ ဒါဟာ လက်တွေ့ကျတဲ့ အခြေအနေတစ်ခုပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ နောက်ထပ် တစ်ပွဲပဲ ကျန်တော့ပြီး ထူးခြားတဲ့ အောင်မြင်မှုတစ်ခု ရရှိဖို့ အခွင့်အရေးရှိနေလို့ပါ။ အခုတော့ ဒါဟာ ဗိုလ်လုပွဲတစ်ပွဲလိုပါပဲ၊ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အသင်း၊ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ အသင်းတာဝန်ရှိသူတွေ အားလုံးက လမ်းကြောင်းမှန်ပေါ်မှာ တစ်သားတည်း ရှိနေကြပါတယ်။ ဒါဟာ အဆုံးသတ်မှာ ကွာခြားချက်ကို ဖြစ်ပေါ်စေတာမို့ ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဒီနေ့မှာ ပရိသတ်တွေရဲ့ အားပေးသံတွေက ကျယ်လောင်ခဲ့သလို နောက်အပတ်မှာတော့ ဒီထက်ပိုပြီး ကျယ်လောင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့တွေဟာ ဒီလိုမျိုးနဲ့ ထိုက်တန်ပါတယ်။ အမြဲတမ်းလည်း အားပေးကြပါတယ်။ ကျွန်တော်တို့ အဆိုးအကောင်းတွေနဲ့ ကြုံတွေ့ရချိန်မှာတောင် သူတို့က ကျွန်တော်တို့ နောက်ကွယ်မှာ အမြဲရှိနေခဲ့တာပါ။ နောက်ဆုံးပွဲစဉ်ကို အိမ်ကွင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ လီဘရစ်စ်က ပြောပါတယ်။
နောက်အပတ်အတွက် ကစားသမားတွေကို ဘာတွေမှာကြားချင်သလဲဆိုတဲ့ မေးခွန်းကိုတော့ “ခြေစွမ်း တည်ငြိမ်ဖို့၊ သတ်မှတ်ထားတဲ့ စံနှုန်းတွေကို ထိန်းသိမ်းဖို့နဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ပါပဲ။ မျှော်လင့်ထားတဲ့ အရာတွေရော၊ မမျှော်လင့်ထားတဲ့ အရာတွေကိုပါ သင် ကိုင်တွယ်ဖြေရှင်းနိုင်ရပါမယ်။ အဆင်သင့်ဖြစ်နေပြီး ကောင်းကောင်းပြင်ဆင်ထားမယ်ဆိုရင် အောင်မြင်မှုရဖို့ အကောင်းဆုံး အခွင့်အရေးကို ရရှိမှာပါ။ အဓိကကတော့ ခြေစွမ်းတည်ငြိမ်မှု၊ အဖွဲ့လိုက် လုပ်ဆောင်မှုနဲ့ အသင်းသားတွေကြား ချိတ်ဆက်မှုပါပဲ” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။