The network connection is lost.

Banner Image

စောစောစီးစီးအောင်ပွဲခံနေတယ်ဆိုတဲ့ ဝိန်းရွန်းနီရဲ့ဝေဖန်မှုကို ရယ်ရယ်မောမောဖြင့် ပယ်ချလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြအာတီတာက အခုလအတွင်း အသင်းရဲ့အောင်ပွဲခံမှုပုံစံတွေနဲ့ပတ်သက်လို့ ဝိန်းရွန်နီရဲ့ ဝေဖန်ပြောဆိုမှုတွေကို ဂရုမစိုက်ဘဲ ပယ်ချလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ အခုသီတင်းပတ်အစောပိုင်း၊ အမ်းမရိတ်စ်မှာ အက်သလက်တီကိုမက်ဒရစ်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်အပြီး အာတီတာက ကစားသမားတွေနဲ့အတူ ကွင်းတွင်းမှာ ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံခဲ့ကြပါတယ်။ ခက်ခဲတဲ့ဘောလုံးရာသီတစ်ခုအတွင်း အခုလိုသမိုင်းသစ်ရေးထိုးနိုင်ခဲ့လို့ အာဆင်နယ်အသင်းတစ်ခုလုံး အတိုင်းမသိ ဝမ်းသာအားရ ဖြစ်နေခဲ့ကြပါတယ်။

အာဆင်နယ်က လာမယ့်မေ ၃၀ ရက်၊ ဘူဒါပက်စ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရဖို့ရှိနေပြီး ဒါက အာတီတာနဲ့ သူ့အသင်းအတွက် အခုဘောလုံးရာသီရဲ့အခက်ခဲဆုံးပွဲစဉ် ဖြစ်လာပါလိမ့်မယ်။

ဒါပေမဲ့ ဝိန်းရွန်းနီကတော့ အာဆင်နယ်အသင်း စောစောစီးစီးအောင်ပွဲခံနေတာကို မကျေနပ်ဖြစ်နေပြီး "သူတို့ ဒီအဆင့်ကို တက်လှမ်းနိုင်ဖို့ ထိုက်တန်ပါတယ်၊ ဒါပေမဲ့ ဖလားကို မရသေးပါဘူး။ အောင်ပွဲခံတာတွေက နည်းနည်း များလွန်းနေသလိုပဲ။ တကယ်နိုင်မှသာ အောင်ပွဲခံပါ" လို့ Amazon Prime မှတဆင့် ပြောကြားခဲ့ပါတယ်။

အခုသီတင်းပတ်ကုန်၊ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ အာတီတာက ဝိန်းရွန်းနီရဲ့ပြောဆိုချက်ကို အဓိပ္ပာယ်မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

"ပထမဆုံးပြောရရင် အဲဒီအကြောင်း ကျွန်တော် မသိပါဘူး။ လူတိုင်းရဲ့အမြင်ကိုတော့ လေးစားပေးရပါမယ်။ ပြီးတော့ အဲဒီအမြင်တွေကို သူတို့နဲ့ထိုက်တန်တဲ့ နေရာမှာပဲ ထားရပါမယ်" လို့ အာတီတာက ပြောပါတယ်။ အဲဒီအမြင်တွေက ဘယ်နေရာနဲ့ ထိုက်တန်တာလဲလို့ ထပ်ဆင့်မေးမြန်းမှုကိုတော့ အာဆင်နယ်နည်းပြက "သူတို့နဲ့ ထိုက်တန်တဲ့ နေရာမှာပေါ့၊ ကျွန်တော်လည်း မသိပါဘူး၊ ဒါ သိပ်အရေးမကြီးပါဘူး" လို့ ဆက်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံလိဂ်ဗိုလ်စွဲခဲ့တဲ့ ပီအက်စ်ဂျီက ဆီမီးဖိုင်နယ်မှာ အာဆင်နယ်ကို နှစ်ကျော့လုံး အနိုင်ယူခဲ့သလို ဗိုလ်လုပွဲမှာလည်း အင်တာမီလန်ကို ငါးဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။ အခုလို အာဆင်နယ်အသင်းရဲ့စောစောစီးစီးအောင်ပွဲခံမှု မှန်ကန်သလားဆိုတာကိုတော့ ဒီလနှောင်းပိုင်း၊ ဗိုလ်လုပွဲပြီးဆုံးချိန်မှာ သိရှိသွားရပါလိမ့်မယ်။