နယူးကာဆယ်အသင်းခေါင်းဆောင်ဘရူနိုဂူမာယေးစ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့တဲ့ အာဆင်နယ်
အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ဘက်နယူးကာဆယ်အသင်းခေါင်းဆောင် ဘရူနိုဂူမာယေးစ်ကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိသွားပြီလို့ သတင်းတွေအရ သိရပါတယ်။ ဒါပေမဲ့ နည်းပြအက်ဒီဟိုဝီရဲ့အသင်းက ဒီကစားသမားကို အသင်းမှာဆက်ထိန်းထားဖို့ အခိုင်အမာဆုံးဖြတ်ထားပါတယ်။
နယူးကာဆယ်က ဒီနွေရာသီမှာတင် အန်သိုနီဂေါ်ဒွန်နဲ့ ဆန်ဒရိုတိုနာလီတို့လို အဓိကကစားသမားနှစ်ဦးကို စုစုပေါင်းပြောင်းရွှေ့ကြေး ပေါင်သန်း ၁၈၀ ဖြင့် လက်လွှတ်ထားရပါတယ်။ အခုတော့ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့ကမ်းလှမ်းမှုအရ အသင်းခေါင်းဆောင်ဂူမာယေးစ်လည်း အသင်းမှထွက်ခွာဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။
L’Equipe သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက် ၂၈ နှစ်အရွယ်ကစားသမားက အပြောင်းအရွှေ့အတွက် မြောက်လန်ဒန်ကလပ်နဲ့ ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုသွားဖို့ အကြိုသဘောတူထားတယ်လို့ သိရပါတယ်။။
ဒါပေမဲ့ နယူးကာဆယ်ဘက်ကတော့ အာဆင်နယ်ရဲ့ ပေါင် ၆၅ သန်းတန်ကမ်းလှမ်းမှုကို ပယ်ချထားပြီး ဂူမာယေးစ်ကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားဖို့ ဆုံးဖြတ်ထားပါတယ်။