The network connection is lost.

Banner Image

ဒဏ်ရာဒဏ်ချက်တွေကြောင့် ရုန်းကန်ခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ပေါလ်ပေါ့ဂ်ဘာ ဖွင့်ဟလာ

မိုနာကိုအသင်းမှာ ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီးနောက် ဒဏ်ရာပြဿနာတွေကြောင့် ကြုံတွေ့ခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေအကြောင်းကို ပေါလ်ပေါ့ဂ်ဘာက ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ပေါ့ဂ်ဘာဟာ ၁၈ လကြာ ဆေးသုံးစွဲမှုကြောင့် ပွဲပယ်ခံရပြီးနောက်ပိုင်း ပထမဆုံးကလပ်အသင်းအဖြစ် ပြီးခဲ့တဲ့နွေရာသီက လီဂူးဝမ်းကလပ် မိုနာကိုအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။

ဒါပေမဲ့လည်း ပေါ့ဂ်ဘာဟာ ဒီရာသီတစ်လျှောက်လုံးမှာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာတော်တော်များများနဲ့ ရုန်းကန်နေခဲ့ရပြီး မေလ ၂ ရက် (စနေနေ့) က မက်ဇ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကျမှသာ ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ပေါ့ဂ်ဘာက Ligue 1 Plus နဲ့ အင်တာဗျူးမှာ သူ့ရဲ့ စိတ်ပျက်အားလျော့မှုတွေကို အခုလိုပဲ ရှင်းပြခဲ့ပါတယ်။ "တကယ်ပြောရရင် 'တော်ပြီ၊ ဒါက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကြီးပဲ' လို့ တွေးမိခဲ့တဲ့ အချိန်တွေရှိခဲ့ပါတယ်။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်၊ အသင်းဆီ ရောက်လာတယ်၊ ဒီမှာရှိနေတယ်၊ ဒါပေမဲ့ ဒဏ်ရာတွေက မရပ်တန့်သွားဘဲ ဆက်တိုက်ဖြစ်နေခဲ့တယ်။ 'ဒီလိုမျိုးတွေ မဖြစ်အောင် ကျွန်တော် ဘာတွေများ ထပ်လုပ်ရဦးမှာလဲ' လို့တောင် တွေးမိခဲ့တယ်။ တကယ်တော့ ဒါက အချိန်နဲ့ စိတ်ရှည်သည်းခံမှုအပေါ်မှာပဲ မူတည်တာပါ။ အရှုံးမပေးဘဲ ရှေ့ဆက်နိုင်ဖို့အတွက် စိတ်ရှည်သည်းခံမှု ရှိဖို့ လိုအပ်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။