လီဗာပူးပရိသတ်များ ဆန္ဒပြရန် စီစဉ်နေတယ်လို့ Spirit of Shankly ကြေညာ
အသင်းရဲ့ ရာသီအလိုက်လက်မှတ်ခစျေးနှုန်းတွေကို တိုးမြှင့်လိုက်ခြင်းအပေါ် မကျေနပ်လို့ လီဗာပူးအသင်းပရိတ်သတ်တွေက အခုသီတင်းပတ်အတွင်း ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်နေကြပါတယ်။
လီဗာပူးပရိသတ်အဖွဲ့အစည်းဖြစ်တဲ့ Spirit of Shankly (SOS)က အခုဘောလုံးရာသီ၊ လက်ကျန်ပွဲစဉ်ပွဲနေ့တိုင်းမှာ ဆန္ဒပြပွဲများ ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ ပထမဆုံးဆန္ဒပြပွဲကိုတော့ လာမည့်စနေနေ့၊ ဖူလ်ဟမ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ စတင်ပြုလုပ်သွားပါလိမ့်မယ်။
လာမယ့်ဘောလုံးရာသီသုံးခုစာအတွက် လက်မှတ်ခများတိုးမြှင့်မယ့်အစီအစဉ်တွေကို ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း လီဗာပူးအသင်းဘက်က ပရိသတ်တွေရဲ့တောင်းဆိုချက်ကို လျစ်လျူရှုထားလို့ အခုလို ဆန္ဒပြရန် ဆုံးဖြတ်ခဲ့တယ်လို့ SOS နှင့် လီဗာပူးပရိသတ်များဘုတ်အဖွဲ့က အခိုင်အမာ ပြောကြားထားပါတယ်။
Spirit of Shankly က ထုတ်ပြန်ချက်တစ်ခုမှာ "ပရိသတ်တွေ တကယ်ကို ဒေါသထွက်နေကြပါပြီ။ သူတို့မှာ အခုလို ဒေါသထွက်ပိုင်ခွင့်လည်း အပြည့်အဝ ရှိပါတယ်"
"လီဗာပူးအသင်းက ပရိသတ်တွေရဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်မှုကို လျစ်လျူရှုဖို့ ရွေးချယ်ခဲ့ပြီး လာမယ့်ဘောလုံးရာသီသုံးခုအတွက် လက်မှတ်ခတိုးမြှင့်မယ့်အစီအစဉ်ကို ဆက်လုပ်နေပါတယ်"
"အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့တဲ့တွေ့ဆုံပွဲတွေ၊ စစ်တမ်းတွေနဲ့ မရေမတွက်နိုင်တဲ့ ဆွေးနွေးမှုတွေအားလုံးက ပရိသတ်တွေကိုယ်တိုင် ဒီဆုံးဖြတ်ချက်ကို လက်မခံဘူးဆိုတဲ့ အချက်တစ်ခုတည်းကိုပဲ ညွှန်ပြနေပါတယ်"
"အကယ်၍ အသင်းပိုင်ရှင်တွေ နားမထောင်ဘူးဆိုရင် သူတို့နားထောင်လာအောင် ကျွန်တော်တို့ လုပ်ရပါလိမ့်မယ်။ ဒါဟာ ဆွေးနွေးညှိနှိုင်းရမယ့် အချိန်မဟုတ်တော့ပါဘူး၊ အဲဒီအခွင့်အရေး ကုန်ဆုံးသွားပါပြီ။ အခုကတော့ လက်တွေ့အရေးယူဆောင်ရွက်ရမယ့် အချိန်ပါပဲ"လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် "ပရိသတ်အဖွဲ့အစည်းတွေကတော့ စနစ်တကျ တုံ့ပြန်မှုတွေလုပ်ဖို့ စီစဉ်နေကြပါပြီ။ အချိန်သိပ်မရှိလို့ ကျွန်တော်တို့ မြန်မြန်ဆန်ဆန်လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ဦးတည်ချက်ကတော့ ရှင်းပါတယ်၊ ဒါကတော့ ဆန္ဒပြပွဲတွေ ပြုလုပ်သွားဖို့ပါပဲ"
"အသင်းဘက်က ပရိသတ်တွေရဲ့အသံကို တန်ဖိုးမထားဘူးဆိုရင် သူတို့ လျစ်လျူရှုလို့ မရအောင် ကျွန်တော်တို့ လုပ်ပြပါမယ်။ ပရိသတ်များဘုတ်အဖွဲ့ကလည်း အရေးယူဆောင်ရွက်မှုတွေ လာတော့မယ်ဆိုတာကို အသင်းထံ တရားဝင် အကြောင်းကြားထားပြီးသားပါ။ အခုအချိန်မှာတော့ ကျွန်တော်တို့အားလုံး ဒီလုပ်ရပ်ကို ဝိုင်းဝန်းထောက်ခံပေးဖို့ပဲ လိုပါတော့တယ်" လို့ ပါရှိပါတယ်။
ဒီအဖွဲ့အစည်းက အန်ဖီးလ်ကွင်းအတွင်းအပြင်နေရာတွေမှာပါ ဆန္ဒပြဖို့ ဆွေးနွေးထားပြီး အခုလိုမျိုးလုပ်ဖို့ အားလုံးသဘောတူကြတယ်လို့ ထပ်လောင်းဖော်ပြထားပါတယ်။
"ဒါ တစ်ပွဲတည်းနဲ့တင် မပြီးသွားပါဘူး။ အိမ်ကွင်းရော၊ အဝေးကွင်း ပွဲစဉ်တွေမှာပါ ဆန္ဒပြမှုတွေ ရှိလာပြီး အန်ဖီးလ်မှာ ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲစဉ်မှစလို့ အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားပါမယ်"
"အသေးစိတ် အချက်အလက်တွေကိုတော့ ထပ်မံ ထုတ်ပြန်ပေးပါမယ်။ အဓိက အချက်ကတော့ ရှင်းပါတယ်၊ ဒီလှုပ်ရှားမှု ပိုမိုကြီးထွားလာပြီး အရှိန်မြင့်လာပါလိမ့်မယ်။ အကယ်၍ ခင်ဗျားတို့လည်း ဒီကိစ္စကို စိတ်ဝင်စားတယ်ဆိုရင် ဒီလှုပ်ရှားမှုမှာ ပါဝင်ပေးကြပါ။ လာကြပါ၊ ပူးပေါင်းကြပါ၊ ဝိုင်းဝန်း ထောက်ခံပေးကြပါ။ တခြားသူတွေကိုလည်း ပါဝင်လာအောင် တိုက်တွန်းပေးကြပါ" လို့ ဆိုပါတယ်။