ဖူလ်ဟမ်အသင်းရဲ့ နိုင်ပွဲအတွက် မာကိုဆေးလ်ဗား ဂုဏ်ယူနေပေမဲ့ ယူရိုပါလိဂ်ဝင်ခွင့်နဲ့ ကပ်လွဲခဲ့တာကိုတော့ နှမြောမိကြောင်း ဖွင့်ဟ
ဖူလ်ဟမ်အသင်းရဲ့ အိမ်ကွင်း Craven Cottage မှာ ရာသီကို အနိုင်နဲ့ အဆုံးသတ်နိုင်ခဲ့တဲ့အပေါ် မာကိုဆေးလ်ဗားက ကျေနပ်အားရနေပေမဲ့ ဥရောပဝင်ခွင့်ရဖို့ အခွင့်အရေး လက်လွတ်ခဲ့ရတာကို ပြန်တွေးပြီး နှမြောနေမိပါတယ်။
ဖူလ်ဟမ်အသင်းဟာ ၂၀၂၅-၂၆ ဘောလုံးရာသီရဲ့ နောက်ဆုံးပွဲစဉ်မှာ အီဆာဒီယော့ပ်နဲ့ တွမ်ကေနီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နယူးကာဆယ်အသင်းကို ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒါပေမဲ့လည်း ဖူလ်ဟမ်အသင်းဟာ ဥရောပဝင်ခွင့် မျှော်လင့်ချက်နဲ့ လွဲချော်ခဲ့ရပါတယ်။ နောက်ထပ် ၂ မှတ်သာ ထပ်ရခဲ့ရင် ပရီးမီးယားလိဂ်မှာ အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် (၇) ကို ရရှိမှာဖြစ်သလို ယူရိုပါလိဂ်ဝင်ခွင့်ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။
"အပတ်စဉ်အစမှာ ကျွန်တော်တို့တွေ စိတ်ပျက်စရာတွေအကြောင်း ပြောခဲ့ကြပေမဲ့ အကောင်းဆုံးပုံစံနဲ့ အနိုင်ရဖို့အတွက် အဲဒါတွေက ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှုကို မလျော့ပါးသွားစေသင့်ပါဘူး။ အသင်းက ကစားသမားတွေအနေနဲ့လည်း ကောင်းမွန်တဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရမယ့် ဒီပွဲအတွက် တစ်ပတ်လုံး ကြိုးကြိုးစားစား ပြင်ဆင်ခဲ့ကြတာဟာ သူတို့ရဲ့ တာဝန်ဝတ္တရားအတိုင်း လုပ်ဆောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်" လို့ ဆေးလ်ဗားက ပြောပါတယ်။
"ကျွန်တော်တို့ အနိုင်ရခဲ့တယ်၊ နိုင်သင့်နိုင်ထိုက်တဲ့ နိုင်ပွဲလည်း ဖြစ်ပါတယ်။ ပထမပိုင်းမှာ ကစားပုံ မျှတမှုရှိခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပွဲကို ပိုပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ တစ်ခါတလေ ဘောလုံးလက်ဝယ် မရှိနေရင်တောင် ပွဲကို ပိုပြီး ထိန်းထားနိုင်ခဲ့တာပါ။ အရင်ပွဲတွေကို ပြန်ကြည့်ရင်လည်း ကျွန်တော်တို့ ဂိုးကန်သွင်းခွင့် အကြိမ် ၂၀ ကျော် ရခဲ့တဲ့ ပွဲတွေ အများကြီးရှိခဲ့ပြီး ဒီပွဲကလည်း အဲဒါရဲ့ သာဓကတစ်ခုပါပဲ" လို့ ဆိုပါတယ်။
"၂ ဂိုးပြတ် ဦးဆောင်ပြီးချိန်မှာ ရခဲ့တဲ့ အခွင့်အရေးတွေအရ ကျွန်တော်တို့ ဒီထက်ပိုပြီး ဂိုးတွေ သွင်းသင့်ပါတယ်။ ကျွန်တော်တို့ ကစားနေတဲ့ လိဂ်နဲ့ အဆင့်အတန်းအရဆိုရင် ဒီထက်ပိုပြီး အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်ဖို့ လိုပါတယ်။ ကျွန်တော် နှိုင်းယှဉ်ပြချင်တာ မဟုတ်ပေမဲ့ တစ်ဖက်အသင်းရဲ့ လူစားလဲမှုတွေကို ကြည့်လိုက်ရင် ပွဲထွက်ကစားသမားတွေရော၊ လူစားဝင်လာတဲ့ ကစားသမားတွေပါ ပေါင် သန်း ၆၀၊ ၇၀ တန်ကြေးရှိတဲ့သူတွေ ဖြစ်နေတာက လက်တွေ့မှာ အင်အားကွာခြားချက် ဘယ်လောက်ရှိလဲဆိုတာကို ပြနေတာပါ" လို့ သူက ဆက်ပြောပါတယ်။
"ဒီနေ့ညနေခင်းဟာ တကယ်ကို အရေးကြီးတဲ့ အချိန်တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ပရိသတ်တွေကို တစ်ခုခု ပြန်ပေးနိုင်ဖို့က အရေးကြီးသလို သူတို့တွေလည်း စိတ်ကျေနပ်မှု ရသွားစေချင်ပါတယ်။ ပွဲအပြီးမှာ ပရိသတ်တွေကို အကောင်းဆုံးပုံစံနဲ့ ကွင်းပတ်ပြီး ကျေးဇူးတင်နှုတ်ဆက်နိုင်ခဲ့တာကို သူတို့လည်း တကယ်ကို ပျော်ရွှင်ခဲ့ကြမယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ဒီပွဲအတွက် အစွမ်းကုန် ကြိုးစားခဲ့ကြတာပါ" လို့ ၎င်းက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။