The network connection is lost.

Banner Image

အန်းစလော့အပေါ် အသင်းသားတွေရဲ့ယုံကြည်မှု မပျက်စီးသေးဘူးလို့ ပြောကြားလိုက်တဲ့ ဆိုဘိုဆလိုင်း

ဆိုဘိုဆလိုင်းက အခုရာသီမှာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးနည်းပြအန်းစလော့ကို ထောက်ခံအားပေးလိုက်ပါတယ်။

အန်ဖီးလ်ဒုတိယမြောက်ရာသီမှာ ရုန်းကန်နေရပြီး လီဗာပူးအသင်းအတွက် ဆုဖလားလက်မဲ့ဖြစ်ဖို့ သေချာသွားလို့ အန်းစလော့အပေါ် ဖိအားတွေ တဖြည်းဖြည်းများလာနေပါတယ်။

ပရီးမီးယားလိဂ်မှာ ၁၁ ပွဲအထိ ရှုံးနိမ့်ထားပြီး ဆုဖလားလမ်းကြောင်းအားလုံးမှ ထွက်ခွာလာရလို့ ရာထူးမှနုတ်ထွက်ဖို့ တောင်းဆိုမှုတွေ ရှိနေပေမဲ့ လာမယ့်ရာသီအတွက် သူ့ကို အသင်းဘုတ်အဖွဲ့ ဆက်လက်ထောက်ခံထားတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း နယ်သာလန်သားနည်းပြက ပြောပြခဲ့ပါတယ်။

လီဗာပူးအသင်းက လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သင်္ချာနည်းအရ သေချာအောင် ကြိုးစားနေရဆဲဖြစ်ပြီး ဒါက ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံဆုအတွက် အကြိတ်အနယ်တိုက်ပွဲဝင်ခဲ့တဲ့ အခြေအနေနဲ့ အများကြီး ကွာခြားနေပါတယ်။

ဒါပေမဲ့ Daily Mail နဲ့တွေ့ဆုံချိန် လာမယ့်ရာသီအတွက် အန်းစလော့ ဆက်ရှိနေသင့်သလားဆိုတဲ့ မေးခွန်းကို ဆိုဘိုဆလိုင်းက အသက် ၄၇ နှစ်အရွယ်နည်းပြကို ထောက်ခံပေးထားတယ်လို့ ရှင်းရှင်းလင်းလင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ဒါက မေးခွန်းထုတ်နေစရာတောင် မလိုတဲ့အချက်ပါ၊ သူက ကျွန်တော်တို့ရဲ့ နည်းပြဖြစ်သလို အခုက သူ့ရဲ့ ဒုတိယမြောက်ရာသီပါ။ ပထမရာသီမှာ ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာကို မမေ့ပါနဲ့။ ဒါကြောင့် ကျွန်တော်တို့ဘက်မှာ ဘယ်သူမှ သူ့အပေါ် ယုံကြည်မှုမပျက်စီးသေးပါဘူး" လို့ ဆိုဘိုဆလိုင်းက ပြောပါတယ်။

"ကောလာဟလတွေကတော့ ပေါ်လာလိုက် ပျောက်သွားလိုက်ပါပဲ၊ ဒါပေမဲ့ သူက ပရီးမီးယားလိဂ်ကို အနိုင်ရနိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြခဲ့ပြီးသားပါ။ အသင်းတစ်ခုအနေနဲ့၊ ဝန်ထမ်းတွေအနေနဲ့၊ ကလပ်အသင်းတစ်ခုအနေနဲ့ ကျွန်တော်တို့တွေ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တယ်ဆိုတာကိုလည်း သက်သေပြခဲ့ပြီးပါပြီ။ ဒါကြောင့် အခုဆက်လက်ကြိုးစားပြီး နောက်နှစ်မှာလည်း ထပ်ပြီး ကြိုးစားသွားရုံပါပဲ" လို့ ၎င်းက ဆိုပါတယ်။

အန်းစလော့က ရုန်းကန်နေရပေမဲ့ သူ့နောက်မှာ ကစားသမားတွေရှိနေတာ ရှင်းပါတယ်။ လီဗာပူးအသင်းက အခုသီတင်းပတ်၊ အစောဆုံးပွဲစဉ်အဖြစ် ချဲလ်ဆီးကို အနိုင်ကစားပြီး ဘုန်းမောက်သာ ဖူလ်ဟမ်ကို အနိုင်မရဘူးဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးငါးသင်းစာရင်းဝင်အဖြစ် ရာသီသိမ်းဖို့ သေချာသွားပါလိမ့်မယ်။