ကာရာဘောင်းဗိုလ်လုပွဲမှာ အပြည့်အဝအားပေးကြဖို့ အာဆင်နယ်ပရိသတ်တွေကို အာတီတာ တိုက်တွန်း
မနက်ဖြန် ဝင်ဘလေကွင်းမှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် Carabao Cup ဗိုလ်လုပွဲမှာ ပရိသတ်တွေရဲ့ အားပေးမှုဟာ အလွန်အရေးပါလိမ့်မယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောကြားခဲ့ပါတယ်။ အာတီတာဟာ အာဆင်နယ်အသင်းကို ကိုင်တွယ်ပြီးနောက် ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
၎င်းက "ကွင်းလုံးပြည့် ပရိသတ်တွေရှေ့မှာ ဗိုလ်စွဲခဲ့ဖူးတဲ့ အတွေ့အကြုံရှိသလို အဲဒီအထဲမှာ ပါဝင်ခွင့်ရခဲ့တာဟာ တကယ်ကို ထူးခြားဆန်းပြားပါတယ်။ ကစားသမားဘဝတုန်းက ဒီလိုပွဲမျိုးတွေမှာ ကစားခဲ့ရတာဟာ ကျွန်တော့်အတွက် အကောင်းဆုံး အမှတ်တရတွေထဲက တစ်ခုပါပဲ။ အခုလည်း ဒီပွဲဟာ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာကို သိထားကြလို့ ကျွန်တော်တို့အားလုံး တကယ်ကို စိတ်လှုပ်ရှားနေကြပါတယ်။ ဒီဖလားကို ကျွန်တော်တို့ တကယ် ရယူချင်သလို ကျွန်တော်တို့ ပရိသတ်တွေအတွက်လည်း ဘယ်လောက်အထိ အဓိပ္ပာယ်ရှိမယ်ဆိုတာကို သိပါတယ်" လို့ ဆိုပါတယ်။
ဆက်လက်ပြီး အာတီတာက "အခု ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အရာတွေအပေါ်မှာလည်း စိတ်လှုပ်ရှားမိသလို မှန်ကန်တဲ့ ခြေလှမ်းတွေကို ဆက်ပြီး လှမ်းသွားဖို့ လိုပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ပါပဲ။ ကလပ်အသင်းတစ်ခုအနေနဲ့ ကျွန်တော်တို့ လိုချင်တဲ့ အောင်မြင်မှုတွေနဲ့ အရှိန်အဟုန်တွေကို စတင် တည်ဆောက်သွားချင်တာပါ။ ဆုဖလားနဲ့ ဝေးကွာနေတာ နှစ်အတော်ကြာလာတဲ့အခါမှာတော့ ဖလားရဖို့က ပိုပြီး လိုအပ်လာသလို အရမ်းလိုချင်တဲ့ စိတ်ကြောင့် ပိုပြီးတော့လည်း ကြိုးစားချင်စိတ် ဖြစ်ပေါ်စေပါတယ်။ အခု ကျွန်တော်တို့ဆီမှာ အဲဒီလို စိတ်ဓာတ်မျိုး ရှိနေပါပြီ။ ဒါဟာ ကျွန်တော်တို့အတွက် တကယ် အရေးကြီးသလို ရယူနိုင်ဖို့ ကြိုးစားနေတာလည်း ကြာပါပြီ၊ အခုတော့ အဲဒီလို လုပ်ဆောင်နိုင်ဖို့ အခွင့်အရေး ရလာပါပြီ" လို့ ပြောကြားခဲ့ပါတယ်။