ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ဖယ်ရှားပေးခဲ့လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို သမ္မတထရန့် ကျေးဇူးတင်စကားဆို
အမေရိကန်တိုက်စစ်မှူးဘာလိုဂန်ရဲ့တစ်ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပေးခဲ့မှုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကို ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၃၂ သင်းရှုံးထွက်အဆင့်အဖြစ် ဘော့စနီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ အမေရိကန်အသင်းတိုက်စစ်မှူးဘာလိုဂန်က ပြိုင်ဘက်နောက်ခံလူတာရစ်မူဟာရီမိုဗစ်အပေါ် ကစားပုံကြမ်းတမ်းခဲ့လို့ တိုက်ရိုက်အနီကတ်ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။
အစောပိုင်းမှာတော့ သူ့ကို လာမယ့်ပွဲစဉ်အတွက် ပါဝင်ကစားခွင့်မရှိဘူးလို့ သတ်မှတ်ခဲ့ပေမဲ့ ပြစ်ဒဏ်တွေကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အဝဖြစ်စေ ဆိုင်းငံ့ပေးနိုင်တဲ့ ဖီဖာရဲ့တရားစီရင်ရေးအဖွဲ့က ဒီဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပေးခဲ့ပါတယ်။
"မှန်ကန်တဲ့အရာကို လုပ်ဆောင်ပေးပြီး ကြီးမားတဲ့ မတော်မတရားမှုကို ပြန်ပြင်ပေးခဲ့မှုအတွက် ဖီဖာကို ကျေးဇူးတင်ပါတယ်" လို့ ထရန့်က သူရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဘာလိုဂန်က အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်အသင်း အောင်မြင်မှုရရှိဖို့ အဓိကအခန်းကဏ္ဍမှ ပါဝင်နေသူဖြစ်ပြီး ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုလည်း နှစ်ကြိမ်တိုင်တိုင် ရရှိထားပါတယ်။
အခုဆိုရင် သူက ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုအတွင်း အမေရိကန်အမျိုးသားလက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံးသွင်းထားတဲ့ ဘတ်ပတ်တန်နော့ရဲ့စံချိန်ကို လိုက်မှီဖို့ တစ်ဂိုးပဲ လိုပါတော့တယ်။ ဒီစံချိန်က ၁၉၃၀ ပြည့်နှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ကျင်းပချိန်ကတည်းက တည်ရှိခဲ့တဲ့ သက်တမ်းရင့်စံချိန်တစ်ခုလည်း ဖြစ်ပါတယ်။