မိုဆာလက်နေရာမှာ ကမ္ဘာ့အဆင့်မီကစားသမားကိုသာ အစားထိုးဖို့ လီဗာပူးဆီ တိုက်တွန်းလိုက်တဲ့ ဂျရတ်
လီဗာပူးဂန္ထဝင်စတီဗင်ဂျရတ်က မိုဆာလက်ရဲ့နေရာအတွက် သေချာပေါက် အစားထိုးနိုင်ဖို့ဆိုရင် အကြီးအကျယ်စဉ်းစားဖို့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။
မိုဆာလက်နဲ့ လီဗာပူးအသင်းတို့က အခုဘောလုံးရာသီကုန်ဆုံးချိန်၊ လမ်းခွဲကြဖို့အတွက် သဘောတူညီထားကြပါတယ်။
"မိုဆာလက်ရဲ့နေရာမှာ အစားထိုးချင်တယ်ဆိုရင် 'Box Office' (နာမည်ကြီးကြယ်ပွင့်)အဆင့်ရှိတဲ့သူတစ်ဦးကိုပဲ ဝယ်ရပါလိမ့်မယ်။ မဟုတ်ရင်တော့ သူ့နေရာကို အစားထိုးနိုင်ဖို့ မရှိပါဘူး။ မိုဆာလက်ဆိုတာ ကမ္ဘာ့အဆင့်ကစားသမားဖြစ်ခဲ့လို့ သူနေရာအတွက် အစားထိုးမယ်ဆိုရင်လည်း ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးတောင်ပံကစားသမား သုံး၊ လေးဦးအနက် တစ်ဦးဦးသာ ဖြစ်သင့်ပါတယ်" လို့ ဂျရတ်က TNT Sport ကို ပြောပါတယ်။
ဘိုင်ယန်မြူးနစ်ကြယ်ပွင့်အိုလီစီနဲ့လည်း လီဗာပူးက သတင်းတွေထွက်နေပြီး ဘိုင်ယန်မြူးနစ်ကစားသမားဟောင်းအိုဝင်ဟားဂရေ့ဗ်ကတော့ အိုလီစီကို မိုဆာလက်နေရာအတွက် အသင့်တော်ဆုံးသူဖြစ်လိမ့်မယ်လို့ ယူဆနေပါတယ်။
၎င်းက "လီဗာပူးအသင်းအတွက် အသင့်ဖြစ်နေတဲ့သူကိုပဲ ခေါ်ယူရပါမယ်။ အရည်အချင်းက သက်သေပြပြီးသား ဖြစ်ရပါမယ်။ ကျွန်တော့်အတွက်တော့ အိုလီစီပါပဲ။ အဲဒီလောက် အဆင့်အတန်းရှိတဲ့သူမျိုးပေါ့။ ကိုယ်က မကမ်းလှမ်းရင်တော့ ရလာဖို့ မရှိပါဘူး။ ဘိုင်ယန်ရဲ့တိုက်စစ်သုံးယောက်တွဲက အရမ်းကောင်းလွန်းလို့ သူ့ကို အသင်းမှမထွက်စေချင်ပေမဲ့ လီဗာပူးရဲ့ညာတောင်ပံမှာ အိုလီစီကစားနေတာကို မြင်ရမယ်ဆိုရင်တော့ ဒါဟာ တကယ့်ကို 'Box Office' ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။