အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ဖလားသုံးလုံး အောင်မြင်မှုကို ရယူချင်တယ်ဆိုရင် ကံကောင်းဖို့လည်း လိုအပ်တယ်လို့ မာတာရက်ဇီပြော
အီတလီဂန္ထဝင်ဘောလုံးသမား မာတာရက်ဇီက နည်းပြ မီကယ်အာတီတာရဲ့ လက်အောက်မှာ အာဆင်နယ်အသင်းရဲ့ ဆုဖလားရရှိနိုင်ခြေတွေနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားလာပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က EFL Cup ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းက အာဆင်နယ်ကို အနိုင်ယူပြီး ဒီရာသီရဲ့ ပထမဆုံးဆုဖလားကို သိမ်းပိုက်သွားခဲ့တာကြောင့် အာဆင်နယ်ရဲ့ ဖလားလေးလုံး မျှော်လင့်ချက်ကတော့ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ အာဆင်နယ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ဇယားကို ၉ မှတ်အသာနဲ့ ဦးဆောင်နေသလို၊ ၆ နှစ်အတွင်း ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် FA Cup နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ မာတာရက်ဇီက Hajper နဲ့ အင်တာဗျူးမှာ အာတီတာရဲ့အသင်းဟာ ကျန်ရှိနေတဲ့ ပြိုင်ပွဲသုံးခုစလုံးမှာ အနိုင်ရနိုင်တဲ့ အခွင့်အရေးရှိပေမဲ့ ကံကောင်းဖို့တော့ လိုလိမ့်မယ်လို့ ဆိုပါတယ်။
"ကျွန်တော့်အမြင်အရ အာဆင်နယ်က တကယ့်ကို အသင်းကောင်းတစ်သင်းဖြစ်ပြီး ကစားဟန်ကလည်း အရမ်းကောင်းပါတယ်။ ဒါပေမဲ့ သူတို့ရဲ့နည်းပြက ပက်ဂွာဒီယိုလာရဲ့ လက်ထောက်ဖြစ်ခဲ့သူဆိုတော့ ပက်က သူ့အကြောင်းကို အသိဆုံးပါ။ မီကယ်အာတီတာရဲ့ အချက်အလက်အကုန်လုံးကို သိထားတာကြောင့် သူတို့ကို ဘယ်လိုတားဆီးရမလဲဆိုတာ ပက်က နားလည်ပြီးသားပါ" လို့ မာတာရက်ဇီက ပြောပါတယ်။
သူက ဆက်လက်ပြီး "အာဆင်နယ်က ချန်ပီယံဆုအတွက် ဆက်ပြီး ယှဉ်ပြိုင်သွားဦးမှာပါ။ အင်တာမီလန်နဲ့ ကစားခဲ့တုန်းက သူတို့ရဲ့ခြေစွမ်းကို ကျွန်တော် တွေ့လိုက်ရပါတယ်။ တကယ့်ကို ကောင်းမွန်တဲ့ ကစားဟန်ပါပဲ။ နည်းနည်းလေး ငယ်ရွယ်နေသေးပြီး အတွေ့အကြုံပိုင်း အားနည်းနေပေမဲ့ သူတို့မှာ အနိုင်ရနိုင်တဲ့ အခွင့်အရေးရှိသလို ဖလားသုံးလုံးစလုံးကိုလည်း ရယူနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အာဆင်နယ်အနေနဲ့ ဖလားသုံးလုံးရဖို့ ဘာတွေလုပ်ရမလဲဆိုရင်တော့ ကံကောင်းဖို့လိုသလို၊ အာရုံစူးစိုက်မှုလည်း အပြည့်ရှိနေရပါမယ်။ အခုကနေ ရာသီကုန်အထိ ပွဲတိုင်းက ဗိုလ်လုပွဲတွေလိုပဲ ဖြစ်နေတာကြောင့် ကစားသမားတွေ ကြံ့ခိုင်မှုရှိနေဖို့ လိုအပ်သလို ပွဲတိုင်းမှာလည်း အမှားအယွင်းမရှိ ပြည့်စုံနေဖို့ လိုပါလိမ့်မယ်" လို့ သုံးသပ်ပြသွားပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ် အုပ်စုပတ်လည်အဆင့်မှာ ၈ ပွဲကစား ၈ ပွဲနိုင်ရလဒ်နဲ့ ထိပ်ဆုံးကနေ တက်လှမ်းနိုင်ခဲ့သလို ၁၆ သင်းအဆင့်မှာ ဘေယန်လေဗာကူဆင်ကို အနိုင်ယူပြီးနောက် ကွာတားဖိုင်နယ်မှာ စပို့တင်းအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် FA Cup ကွာတားဖိုင်နယ်မှာ ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန်နဲ့ ကစားရမှာဖြစ်သလို ပရီးမီးယားလိဂ် လက်ကျန် ၇ ပွဲမှာလည်း မန်စီးတီး၊ ဝက်စ်ဟမ်းတို့လို အသင်းတွေနဲ့ ရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။