ဖာနန်ဒက်စ်ကို ယူနိုက်တက်မှာမဖြစ်မနေဆက်ထိန်းထားရမယ်လို့ အကြံပေးလာတဲ့ နစ်ကီးဘတ်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ သုံးထပ်ကွမ်းချန်ပီယံဟောင်း နစ်ကီးဘတ်က အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို အသင်းမှာပဲ မဖြစ်မနေ ဆက်ထိန်းထားရမယ်လို့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်ဘက်က သူ့ကိုရောင်းထုတ်ဖို့ ပြင်ဆင်ခဲ့ပေမဲ့လည်း ဖာနန်ဒက်စ်က ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်အထိ သူဟာ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့ ပစ်မှတ်အဖြစ် ရှိနေဆဲလည်း ဖြစ်ပါတယ်။
ပေါ်တူဂီကွင်းလယ်လူနဲ့ ပတ်သက်ပြီး ဘတ်က "The Good, The Bad & The Football" ပေါ့တ်ကတ်စ်မှာ "ယူနိုက်တက်အနေနဲ့ ဘယ်လိုကုန်ကျစရိတ်မျိုးရှိရှိ သူ့ကို လက်လွှတ်မခံသင့်ပါဘူး။ သူတို့ ဖာနန်ဒက်စ်ကို သေချာပေါက် ဆက်ထိန်းထားရပါမယ်။ သူ့ကို ဆက်ရှိနေစေဖို့အတွက် သူလိုချင်တာမှန်သမျှကို ပေးရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့များ သူ့ကို လက်လွှတ်လိုက်မယ်ဆိုရင် ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲကုန်ကြမှာ မို့လို့ပါ" လို့ ဆိုပါတယ်။
ဆက်လက်ပြီး သူက "သူဟာ ပြီးခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ကစားသင့်တဲ့နေရာမှာ အခုပြန်ကစားနေရတာဟာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး။ သူ အခု မယုံနိုင်စရာကောင်းလောက်အောင်ကို ခြေစွမ်းပြနေပြီး အခွင့်အရေးတွေ ဖန်တီးပေးနေပါတယ်။ ဗီလာနဲ့ပွဲမှာ ဒုတိယဂိုးအတွက် သူပေးလိုက်တဲ့ ဘောလုံးဆိုရင် တကယ့်ကို အံ့ဩစရာကောင်းတဲ့ ဖန်တီးမှုပါပဲ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
"ကျွန်တော်လည်း သူ့ကို အနည်းငယ် ဝေဖန်ခဲ့ဖူးတဲ့သူတွေထဲမှာ ပါခဲ့မယ် ထင်ပါတယ်။ ဒါပေမဲ့ ဒါဟာ သူ့ရဲ့ခြေစွမ်း ဒါမှမဟုတ် ကစားပုံကြောင့် မဟုတ်ဘဲ အသင်းခေါင်းဆောင်တစ်ယောက်ရဲ့ ဦးဆောင်မှုပိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တာပါ။ ကျွန်တော်က လူဟောင်းတစ်ယောက် ဖြစ်တဲ့အပြင် တိုနီအဒမ်စ်၊ ဘရိုင်ယန်ရော့ဘ်ဆင်၊ ရွိုင်ကိန်းတို့လို အသင်းခေါင်းဆောင်မျိုးတွေကိုပဲ ကြည့်တတ်လို့ပါ။ ဒါပေမဲ့ သူ အမြဲတမ်း လုပ်ဆောင်ပေးနေတာကတော့ ဂိုးတွေဖန်တီးတာ၊ ဂိုးတွေသွင်းတာတွေဖြစ်ပြီး ဒီဘောလုံးအသင်းကို သူတစ်ယောက်တည်းနဲ့တင် အနည်းဆုံး နှစ်ရာသီလောက် ပုခုံးထမ်းတင်ခဲ့တာပါ" လို့ ဘတ်က ဆိုပါတယ်။