ကတ်စ်မဲရိုး အသင်းကနေ ထွက်ခွာမယ့်အပေါ် ယူနိုက်တက်ကစားသမားတွေရဲ့ အမြင်ကို ယိုရို ပြောပြ
ကတ်စ်မဲရိုး အသင်းကနေ ထွက်ခွာသွားတာကို အသင်းဖော်တွေ မမြင်ချင်ကြဘူးလို့ မန်ချက်စတာယူနိုက်တက် နောက်ခံလူ လန်နီယိုရိုက ဝန်ခံပြောကြားလိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ကတ်စီမဲရိုးနဲ့ ကလပ်အသင်းတို့ကြားမှာတော့ လာမယ့်နွေရာသီ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ယိုရိုကတော့ "အားလုံးက သူ့ကို အသင်းမှာပဲ ဆက်ရှိနေစေချင်ကြတာပါ။ သူက ကျွန်တော်တို့အတွက် တကယ့်ကို အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ" လို့ ဆိုပါတယ်။ ဆက်လက်ပြီး ၎င်းက "အသင်းဝတ်လဲခန်းထဲမှာဆိုရင်လည်း သူဟာ အသင်းထဲက တခြားဘယ်သူ့မှာမှ မရှိတဲ့ အတွေ့အကြုံမျိုးတွေကို နေ့တိုင်း မျှဝေပေးနိုင်သူပါ။ သူက ဆုဖလားအားလုံးကို ဆွတ်ခူးဖူးထားတဲ့သူ ဖြစ်တာကြောင့် ကွင်းအတွင်းကစားပုံတွေမှာတင်မကဘဲ ကွင်းပြင်ပမှာပါ ကျွန်တော်တို့ကို အများကြီး အထောက်အကူဖြစ်စေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို အနိုင်ရတဲ့ပွဲစဉ်မှာ ကတ်စ်မဲရိုး ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ယိုရိုက အခုလိုမျိုး ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။