The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်နဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ယုံကြည်မှုအပြည့်ရှိနေတဲ့ လူးဝစ်အင်းနရစ်

ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က ဘိုင်ယန်မြူးနစ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မတိုင်ခင် သူ့ရဲ့အသင်းအပေါ် ယုံကြည်မှု ရှိနေပါတယ်။ စပိန်လူမျိုးနည်းပြက ချန်ပီယံလိဂ်ချန်ပီယံတွေကိုသာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေအဖြစ် ဆက်ရှိနေဆဲပဲလို့ ယုံကြည်ထားပေမဲ့ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်ရဲ့ခြေစွမ်းတည်ငြိမ်မှုအပိုင်းက ပီအက်စ်ဂျီထက် သာလွန်နေနိုင်တယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

"ဒါပေမဲ့ အသင်းလိုက်စုဖွဲ့မှုအရဆိုရင်တော့ ကျွန်တော်တို့က ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဘယ်အသင်းကမှ ကျွန်တော်တို့ထက် မသာပါဘူး" လို့ Campus PSG မှာ ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ လူးဝစ်အင်းနရစ်က ပြောကြားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားကို နှစ်ကြိမ်တိုင်တိုင်ဆွတ်ခူးဖူးတဲ့ နည်းပြက ပီအက်စ်ဂျီအနေနဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ ရင်ဆိုင်ခဲ့ဖူးတဲ့ ချဲလ်ဆီး၊ လီဗာပူးတို့လိုပဲ ဘိုင်ယန်မြူးနစ်ကိုလည်း အပြည့်အဝလေးစားမှုရှိတယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ဆုဖလားကို အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ရယူနိုင်ခဲ့ချိန် စိတ်သက်သာရာရသွားတဲ့ ခံစားချက်မျိုး ပိုများခဲ့ပေမဲ့ ဒီနှစ်မှာတော့ အခြေအနေတွေ အနည်းငယ်ကွာခြားမှုရှိတယ်လို့ လူးဝစ်အင်းနရစ်က ဆိုပါတယ်။ "အခုတော့ သမိုင်းသစ်ရေးထိုးနိုင်ဖို့ စိတ်အားထက်သန်နေတာပါ။ ကျွန်တော်တို့ အောင်မြင်မှုကို ဆာလောင်နေသလို အရင်ထက် ပိုကောင်းအောင်လည်း လုပ်ဆောင်ချင်ပါတယ်။ ဒီပွဲစဉ်တွေကို ကစားရဖို့အတွက် အရမ်းကို စိတ်လှုပ်ရှားနေပြီး မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ" လို့ ၎င်းက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ပီအက်စ်ဂျီအသင်းကို စတင်တာဝန်ယူချိန်ကတည်းက လူးဝစ်အင်းနရစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနည်းဆုံးဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ခဲ့ပါတယ်။