အင်္ဂလန်နောက်ခံလူဒီဂျက်စပန့်စ်ကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ်ပြင်ဆင်နေတဲ့ အဲဗာတန်
တော့တင်ဟမ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနောက်ခံလူ ဒီဂျက်စပန့်စ်ကို အဲဗာတန်အသင်းက ခေါ်ယူဖို့ ကြံစည်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၅ နှစ်အရွယ်ကစားသမားက လီဝစ်ဟောလ်လိုကစားသမားတွေကို ကျော်ဖြတ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သောမတ်တူချယ်ရဲ့လူစာရင်းမှာ အံ့အားသင့်ဖွယ် ပါဝင်လာခဲ့ပါတယ်။
စပန့်စ်ကိုယ်တိုင်လည်း မြောက်အမေရိကမြေမှာကျင်းပနေတဲ့ ပြိုင်ပွဲအတွင်း ခြေစွမ်းပြသနေပြီး အင်္ဂလန်အသင်းကစားခဲ့တဲ့ငါးပွဲအနက် နှစ်ပွဲကို ပွဲထွက်ပါဝင်ခဲ့ပါတယ်။ လတ်တလောမှာ အင်္ဂလန်အသင်းက လာမယ့်စနေနေ့၊ နော်ဝေနဲ့ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်နေပါတယ်။
The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ အဲဗာတန်အသင်းက ဒီဂျက်စပန့်စ်ကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေလို့ လာမယ့်ဘောလုံးရာသီ၊ အသင်းသစ်တစ်ခုမှာ သူ့ကို မြင်တွေ့ရနိုင်တယ်လို့ သိရပါတယ်။
စပန့်စ်က ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ကိုပဲ အဓိကထားနေပြီး တော့တင်ဟမ်မှာတော့ ဖြစ်နိုင်ခြေနည်းပါးတာကြောင့် သူ့ရဲ့အနာဂတ်အတွက် ရွေးချယ်စရာတွေကို စဉ်းစားနေတာမျိုး ဖြစ်နို်ငပါတယ်။ သူ့ရဲ့ မရေရာတဲ့ အနာဂတ်အခြေအနေကြောင့် အသင်းအတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ အဲဗာတန်ဘက်က ယုံကြည်နေပါတယ်။