ဖီအိုရင်တီးနားဆီ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားတဲ့ ဒရာဂူဆင်
တော့တင်ဟမ်နောက်ခံလူဒရာဂူဆင်က စီးရီးအေကလပ်ဖီအိုရင်တီးနားအသင်းဆီ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားပါပြီ။
ဒီအပြောင်းအရွှေ့သဘောတူညီချက်မှာ ပေါင် ၂၁ဒဿမ၄ သန်း (ယူရို ၂၅ သန်း)ဖြင့် အပြီးသတ်ဝယ်ယူရမယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ ဒီအချက်က ရိုမေးနီးယားလက်ရွေးစင်ကိုယ်တိုင် လာမယ့်ဘောလုံးရာသီသစ်မှာ သတ်မှတ်ပွဲအရေအတွက် ပြည့်မီအောင် ကစားနိုင်မယ်ဆိုရင် အသက်ဝင်လာပါလိမ့်မယ်။
သတင်းတွေအရ ဒရာဂူဆင်က အနည်းဆုံး ၄၅ မိနစ်စီ ပါဝင်ကစားတဲ့ ပွဲစဉ် ၂၂ ခု ပြည့်မြောက်အောင် ကစားနိုင်မယ်ဆိုရင် အပြီးသတ်ဝယ်ယူရမယ့် သတ်မှတ်ချက် အလိုအလျောက် အတည်ဖြစ်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒရာဂူဆင်ကို ထပ်မံရောင်းချရာမှတဆင့် ရရှိလာမယ့် အမြတ်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို sell-on clause အဖြစ် တော့တင်ဟမ်အသင်း ရရှိသွားမယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ်ဒရာဂူဆင်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဂျီနိုအာအသင်းမှ တော့တင်ဟမ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲအထိ ကစားခဲ့ပါတယ်။
ရိုမေးနီးယားလက်ရွေးစင်အသင်းမှာ ပုံမှန်နေရာရနေတဲ့ သူက လက်ရွေးစင်အဆင့် ပွဲ ၃၀ အထိ ပါဝင်ကစားထားပြီး စီးရီးအေမှာ ဖီအိုရင်တီးနားနဲ့အတူ ကစားသမားဘ၀ကို ဆက်လက်ဖြတ်သန်းသွားပါလိမ့်မယ်။