ဝက်စ်ဟမ်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တဲ့ ဝီလ်ဆင်
ဝက်စ်ဟမ်းတိုက်စစ်မှူးဝီလ်ဆင်က ပရီးမီးယားလိဂ်မှာရုန်းကန်နေရတဲ့ သူ့ရဲ့အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိသွားပြီလို့ သတင်းတွေအရ သိရပါတယ်။
အသက် ၃၄ နှစ်အရွယ်ဝီလ်ဆင်က ပြီးခဲ့တဲ့နွေရာသီ၊ နယူးကာဆယ်အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာပြီးနောက် ဝက်စ်ဟမ်းနဲ့ ပွဲကစားမှုအရေအတွက်အလိုက် အခကြေးငွေရယူမယ့် (pay-by-play) စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံငါးဂိုး သွင်းယူပေးထားပါတယ်။
ဒီဝါရင့်တိုက်စစ်မှူးက ပြီးခဲ့တဲ့ဇန်နဝါရီလမှာလည်း အသင်းမှထွက်ခွာဖို့ နီးစပ်ခဲ့ပေမဲ့ တန်းဆင်းဇုန်လွတ်မြောက်ဖို့ရုန်းကန်နေရတဲ့ နူနိုဆန်းတို့စ်ရဲ့အသင်းမှာ အရန်ကစားသမားအဖြစ် ဆက်ရှိနေခဲ့ပါတယ်။
The Telegraph သတင်းဌာနရဲ့ဖော်ပြချက်အရ အရှေ့လန်ဒန်ကလပ်အသင်းက ဝီလ်ဆင်ကို တစ်နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ် ပေးအပ်သွားမယ်လို့ သိရပါတယ်။
လတ်တလောမှာ ဝက်စ်ဟမ်းက ပရီးမီးယားလိဂ် ၂၉ ပွဲကစားပြီးချိန် ရမှတ် ၂၈ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်-၁၈ နေရာမှာ ရပ်တည်နေကာ နော်တင်ဟမ်ဖောရက်စ်နဲ့အမှတ်တူ၊ တော့တင်ဟမ်နဲ့ တစ်မှတ်အကွာ အနေအထားမှာ ရှိနေပါတယ်။