The network connection is lost.

Banner Image

တော့တင်ဟမ်အသင်း တန်းဆင်းသွားမယ့်အရေးကိစ္စကို ဒီဖိုး စိုးရိမ်နေ

တော့တင်ဟမ်အသင်းဂန္ထဝင်ကစားသမားဂျာမိန်းဒီဖိုးက ဒီရာသီမှာ သူ့ရဲ့ကလပ်ဟောင်းအတွက် တကယ်စိုးရိမ်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

လက်ရှိမှာ တော့တင်ဟမ်အသင်းက တန်းဆင်းဇုန်နဲ့ တစ်မှတ်အကွာမှာ ရှိနေလို့ တန်းဆင်းသွားနိုင်ခြေရှိတယ်ဆိုတာ ဒီဖိုးက ကြိုတင်သိမြင်နေပါတယ်။

တော့တင်ဟမ်မှာ ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ တာဝန်ယူခဲ့ဖူးတဲ့ ဒီဖိုးက "ပွင့်ပွင့်လင်းလင်းပြောရရင် အသင်းသာ တန်းဆင်းသွားမယ်ဆိုရင်တော့ ဒါဟာ တကယ့်ကိုဆိုးရွားတဲ့အခြေအနေ(catastrophic) ပါပဲ။ တော့တင်ဟမ်လို အသင်းကြီးတစ်ခုရဲ့အခြေခံအဆောက်အအုံတွေနဲ့ တခြားအရာအားလုံးကို ကြည့်လိုက်ရင် သိနိုင်ပါတယ်" လို့ The Sun သတင်းစာကို ပြောပါတယ်။

"ကျွန်တော်ကတော့ အခြေအနေနှစ်မျိုးလုံးကို ကြုံဖူးပါတယ်။ အမှတ်ပေးဖလားရဖို့ ဒါမှမဟုတ် အဆင့်လေးအတွင်းဝင်ဖို့ ကြိုးစားရတဲ့ဖိအားက တကယ်ကို ကြီးမားတာ မှန်ပါတယ်။ ဒါပေမဲ့ အရင်က ဒီလိုမျိုး (တန်းမဆင်းရအောင် ရုန်းကန်ရတဲ့)အတွေ့အကြုံမျိုးမရှိခဲ့ဖူးလို့ ကြုံတွေ့ရတဲ့ဖိအားကတော့ တခြားဖိအားတွေနဲ့ မတူဘူးလို့ ကျွန်တော်ခံစားရပါတယ်။ ဒါဟာ တကယ်ကိုခက်ခဲပါလိမ့်မယ်။"

"အသင်းရော၊ ကစားသမားတွေပါ ဒီလိုအခြေအနေမျိုးကို အရင်က တစ်ခါမှ မကြုံဖူးကြပါဘူး။ အသင်းမှာ ထိပ်တန်းကစားသမားတွေ အများကြီးရှိပါတယ်။ ဒီရာသီမှာ သူတို့တွေ ဒဏ်ရာပြဿနာတွေ အများကြီးကြုံခဲ့ရပေမဲ့ အခုမှစလို့ရာသီကုန်အထိ ဒီကစားသမားတွေ ပြန်လာနိုင်ဖို့ဆိုတာ အရေးကြီးပါတယ်။ သူတို့တွေ ပြန်လာနိုင်ရင်တော့ အသင်းကို နိုင်ပွဲရအောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။