အထူးဆန်းဆုံးပရီးမီးယားလိဂ်စည်းမျဉ်းတစ်ခုရဲ့ အကူအညီကြောင့် အကျိုးကျေးဇူး ရရှိသွားတဲ့ ယူနိုက်တက်
အစ်ဆွစ်တောင်းနဲ့ရင်ဆိုင်ရတဲ့ အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲဦးထွက်မှာ မန်ချက်စတာယူနိုက်တက် အလွယ်တကူ အနိုင်ရရှိခဲ့ပေမဲ့ ငြင်းခုံဆွေးနွေးစရာတွေတော့ ရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ တန်းတက်ဟားလ်စီးတီးကို ရှုံးနိမ့်ပြီးနောက် အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ရဲ့ဟက်ထရစ်နဲ့အတူ နည်းပြကာရစ်ရဲ့အသင်းက ရာသီသစ်အတွက် ပထမဆုံးထိပ်တန်းလိဂ်နိုင်ပွဲကို ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်းပွဲချိန်အတွင်း ဟယ်ရီမက်ဂွါရီရဲ့ကန်ချက် ပြိုင်ဘက်နောက်ခံလူနဲ့ထိပြီး ဂိုးမဝင်သွားခင် အင်္ဂလန်ခံစစ်မှူးကိုယ်တိုင် ဘောလုံးကို လက်နဲ့ထိခဲ့ပါတယ်။ ဒါပေမဲ့ ထူးခြားဆန်းပြားတဲ့ စည်းမျဉ်းတစ်ခုကြောင့် ဒီဂိုးကို ခွင့်ပြုပေးခဲ့ပြီး သရဲနီတို့အတွက် ပွဲစဉ်ကို ပြန်လည်ဦးဆောင်ခွင့် ပေါ်ပေါက်လာပါတယ်။
မိုက်ကယ်ကာရစ်ရဲ့အသင်း ဦးဆောင်ဂိုးရရှိပြီးနောက် သိပ်မကြာခင်မှာပဲ ပရီးမီးယားလိဂ်ရဲ့ပွဲစဉ်စင်တာမှတဆင့် လူသိမများသေးတဲ့ စည်းမျဉ်းတစ်ခုကြောင့် ဒီဂိုးကို ခွင့်ပြုပေးခဲ့တယ်လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ဦးဆောင်ဂိုးကို VAR ဖြင့် ပြန်လည်စစ်ဆေးအတည်ပြုခဲ့ပြီး မက်ဂွါရီကိုယ်တိုင် ဘောလုံးကို တမင်မထိခဲ့သလို ကစားသမားကလည်း တိုက်ရိုက်ဂိုးသွင်းယူသူမဟုတ်ဘူးလို့ ယူဆခဲ့ကြပါတယ်။
VAR ကလည်း "ဒါက ကိုယ့်ဂိုးကိုယ်(Own Goal) သွင်းယူမိခဲ့ခြင်းဖြစ်ပြီး မရည်ရွယ်ဘဲ ဘောလုံးကို လက်နဲ့ထိမိခဲ့လို့ ပြစ်ဒဏ်ပေးစရာ မလိုပါဘူး။ ဒါကြောင့် သွင်းဂိုးအဖြစ် သတ်မှတ်ပေးဖို့ အကြံပြုပါတယ်" လို့ ဆိုပါတယ်။