The network connection is lost.

Banner Image

ကစားသမားသစ်ခေါ်ယူမှုနဲ့ပတ်သက်လို့ ယူနိုက်တက်အကြီးအကဲတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ မာတီနက်ဇ်

အက်သလက်တီကိုမက်ဒရစ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ အင်္ဂါညပိုင်းချန်ပီယံလိဂ်ပွဲစဉ်အပြီး မန်ချက်စတာယူနိုက်တက်နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်က နည်းစနစ်ဒါရိုက်တာဂျေဆန်ဝီလ်ကော့ခ်အပါအဝင် ကလပ်အသင်းအကြီးအကဲတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပါတယ်။

မက်ထရိုပိုလီတာနိုကွင်းပွဲစဉ်ရဲ့ပထမဆုံးမိနစ်မှာတင် အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူဘာရီယော့ကြောင့် မိုက်ကယ်ကာရစ်ရဲ့အသင်းက စောစောစီးစီးပဲ ပြိုင်ဘက်ဆီ ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။

လတ်တလော မန်ချက်စတာယူနိုက်တက်အတွက် 'ကံဆိုးမသွားရာ၊ မိုးလိုက်လို့ရွာ' ဆိုသလိုပဲ အခြေအနေတွေ ဆိုးရွားနေပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း ဂျိုနသန်ဒေးဗစ်ကို ဖျက်ထုတ်မှုမှာ Last Man Defender စည်းမျဉ်းအရ ယိုရိုလည်း အနီကတ်ပြစ်ဒဏ် ထိသွားခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်က ကစားသမားအသာစီးရရှိမှုကို အခွင့်အရေးအပြည့်အ၀ ရယူခဲ့ပြီး လွတ်ခ်မန်းရဲ့သွင်းဂိုးနဲ့အတူ ဦးဆောင်မှုကို နှစ်ဆအထိ တိုးမြှင့်ကာ အိမ်ကွင်းသုံးမှတ်အပြည့် ရယူသွားခဲ့ပါတယ်။

အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၉ ပွဲကစားပြီးချိန် ၂ ပွဲသာ အနိုင်ရရှိထားတဲ့ ယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးပြီး လပိုင်းအကြာမှာတင် ကြီးမားတဲ့ဖိအားတွေနဲ့ ရင်ဆိုင်လာရပါတယ်။

နွေရာသီကာလအတွင်း ယူနိုက်တက်က ကွင်းလယ်ပိုင်းပြန်လည်တည်ဆောက်မှုအဖြစ် တိုင်လီမန်းစ်၊ အန်ဒရေဆန်းတို့စ်နဲ့ ဘာလီဘာတို့ကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။

ပွဲစဉ်အပြီး Amazon Prime နဲ့တွေ့ဆုံချိန် လီဆန်ဒရိုမာတီနက်ဇ်က အခုဘောလုံးရာသီ၊ သူတို့အသင်းရဲ့စိတ်ပျက်ဖွယ်အစပြုမှုတွေအတွက် နောက်ကွယ်အကြောင်းရင်းလို့ သူယူဆထားတဲ့အရာတွေကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ခဲ့ပါတယ်။

မာတီနက်ဇ်က "တကယ်ကို ညံ့ဖျင်းပါတယ်။ တကယ်ကို ညံ့ဖျင်းလွန်းပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် အများကြီးထိန်းချုပ်နေရပေမဲ့ တစ်ခါတလေမှာ ဒါက လက်ရှိကျွန်တော်တို့ကလပ်အသင်းရဲ့အခြေအနေကို ထင်ဟပ်ပြသနေတဲ့ မှန်တစ်ချပ်လိုပါပဲ" လို့ ပြောပါတယ်။

"ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့က အလွန်ကောင်းမွန်တဲ့ အခိုက်အတန့်တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး အပြိုင်အဆိုင်ကစားနိုင်ဖို့အတွက် အသင်းတာဝန်ရှိသူတွေဆီမှ ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ အခုထက်ပိုပြီး မျှော်လင့်ထားခဲ့ပါတယ်။ အခြားအသင်းတွေလည်း ကစားသမားသစ်တွေ အများကြီးခေါ်ယူခဲ့တယ်လေ။ အက်သလက်တီကိုမက်ဒရစ်မှာ အံ့အားသင့်လောက်စရာ အသင်းလူစာရင်းတစ်ခု ရှိနေပြီး ဒီနေ့ပွဲစဉ်ကို သူတို့တွေ အနိုင်ရရှိဖို့ ထိုက်တန်ခဲ့ပါတယ်"

"ကျွန်တော်ကတော့ ဒီထက်ပိုပြီး ရင်းနှီးမြှုပ်နှံပေးဖို့ ရာနှုန်းပြည့် မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ရဲ့နည်းစနစ်ဒါရိုက်တာဂျေဆန်ဝီလ်ကော့ခ်ဆီမှ အခုထက်ပိုပြီး မျှော်လင့်မိပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော်အပါအဝင် ကစားသမားတွေကိုယ်တိုင် အခုထက် ပိုကြိုးစားဖို့ လိုအပ်တယ်ဆိုပေမဲ့ အခုလိုညမျိုးတွေအတွက် အဆင်သင့်ဖြစ်နေစေဖို့ တောင့်တင်းတဲ့လူစာရင်းတစ်ခု တည်ဆောက်ထားဖို့လည်း အရေးကြီးပြန်ပါတယ်" လို့ ဆိုပါတယ်။

ဘယ်နေရာတွေအတွက် အင်အားဖြည့်တင်းသင့်သလဲလို့ မေးမြန်းရာမှာ သူက "ယေဘုယျအားဖြင့် နေရာစုံပါပဲ။ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ အရာရာတိုင်းကို လုပ်ဆောင်ခဲ့ပြီး အံ့ဩစရာကောင်းတဲ့အသင်းတစ်ခု ဖန်တီးနိုင်ဖို့ အခြေခံအုတ်မြစ် ချမှတ်နိုင်ခဲ့ပါတယ်။ ဒီကို လာကစားပြီး ကျွန်တော့်ရဲ့အသင်းက အံ့ဩစရာရလဒ်ကောင်းရယူနိုင်ဖို့ ကြိုးစားနေတာကို မမြင်တွေ့ရဘူးဆိုတာ စိတ်အနှောင့်အယှက်ဖြစ်ရသလို စိတ်ပျက်ဖို့လည်း ကောင်းပါတယ်" လို့ ပြောပါတယ်။

ဝေဖန်မှုတွေအောက် ရောက်ရှိနေတဲ့ နည်းပြအတွက် လုံလောက်တဲ့ ထောက်ပံ့မှုမျိုး မရှိခဲ့ဘူးလားဆိုတဲ့ မေးခွန်းကိုလည်း မာတီနက်ဇ်က " သူလည်း အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ ရာသီတိုင်း မတူညီကြပါဘူး။ ပြီးခဲ့တဲ့ရာသီမှာ လုပ်ဆောင်ခဲ့တဲ့အရာတွေနဲ့တင် ရပ်တန့်နေလို့ မရပါဘူး။ တခြားအသင်းတွေက ခင်ဗျား ဘယ်လိုကစားသလဲဆိုတာကို သိကြတယ်၊ အသေးစိတ်အချက်အလက်တိုင်းကို သိကြတယ်၊ နောက်ရာသီမှာ အပြောင်းအလဲမလုပ်ဘူးဆိုရင် ပြဿနာ ကြီးကြီးမားမားတက်သွားပါလိမ့်မယ်"

"နည်းပြချည်းပဲ ခဏခဏလဲလှယ်နေလို့ မရပါဘူး။ တခြားကဏ္ဍတွေမှာရော ဘယ်လိုလဲ? ကျွန်တော် ဒီထက်ပိုပြီး မပြောချင်တော့ပါဘူး။ ဒီညမှာ နည်းပြကြောင့်လို့ ပြောရတာ လွယ်ကူသလို ကစားသမားတွေကြောင့်လို့ ပြောရတာလည်း လွယ်ကူပါတယ်။ ဒါပေမဲ့ တခြားကဏ္ဍတွေကိုလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားရပါမယ်" လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ကာရစ်နဲ့သူ့အဖွဲ့သားတွေကတော့ လာမယ့်တနင်္ဂနွေနေ့၊ လိဒ်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ကံကြမ္မာအလှည့်အပြောင်းတွေ ရှိလာဖို့ မျှော်လင့်နေကြပါလိမ့်မယ်။