နယူးကာဆယ်က အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်လို့ ယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ် ဝန်ခံ
ဗုဒ္ဓဟူးနေ့ညက အိမ်ကွင်းမှာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအောက် ရောက်နေခဲ့တယ်လို့ မန်ချက်စတာယူနိုက်တက် နည်းပြ မိုက်ကယ်ကာရစ်က ဝန်ခံပြောကြားလိုက်ပါတယ်။
ပထမပိုင်းမပြီးခင်မှာပဲ နယူးကာဆယ်ကစားသမား ဂျက်ကော့ရမ်ဆေး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပေမဲ့လည်း ပွဲချိန် ၉၀ မိနစ်မှာ ဝီလျံအိုဆူလာ သွင်းယူပေးခဲ့တဲ့ အဖိုးတန်အနိုင်ဂိုးကြောင့် နယူးကာဆယ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ မိုက်ကယ်ကာရစ်က "ဒီနေ့ည ကစားခဲ့တဲ့ ပုံစံအပေါ် ကျွန်တော်တို့ မကျေနပ်ပါဘူး။ ပွဲအခြေအနေအရ အခွင့်အရေးက ကျွန်တော်တို့လက်ထဲမှာပဲ ရှိနေခဲ့တာပါ။ ဒါပေမဲ့ နယူးကာဆယ်ကိုတော့ အသိအမှတ်ပြုရပါမယ်၊ သူတို့ ပွဲကို ချဉ်းကပ်ပုံက ကောင်းမွန်ခဲ့ပါတယ်။ ဒီပွဲက ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ၊ အနိုင်ရဖို့ ကောင်းမွန်တဲ့ အနေအထားတစ်ခုအထိ ရောက်အောင် သွားနိုင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။ ဒါကြောင့် တကယ်ကို စိတ်ပျက်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ဒါဟာ အသင်းရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ကိစ္စပဲ ဖြစ်ပါတယ်။ နိုင်လိုစိတ် မရှိတာမျိုး ဒါမှမဟုတ် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းတာမျိုး မဟုတ်ပါဘူး။ ပွဲတစ်ပွဲမှာ မနိုင်တဲ့အခါ ဒီလိုမျိုး အကြောင်းပြချက်တွေ ပေးဖို့က လွယ်ပါတယ်။ နယူးကာဆယ်က ဒီနေ့ညမှာ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ ဒါကို ဝန်ခံဖို့ ခက်ခဲပေမဲ့ အရှိကိုအရှိအတိုင်း ပြောရရင် ဒါက အမှန်တရားပါပဲ။ ကျွန်တော်တို့ အလုပ်ပြန်ကြိုးစားဖို့နဲ့ နောက်ပွဲတွေမှာ ပိုကောင်းအောင် ပြင်ဆင်ဖို့ လိုပါတယ်။ ဒီပွဲကနေ သင်ခန်းစာတွေ အများကြီး ရခဲ့သလို အသင်းလိုက်လည်း အတူတူ သင်ယူသွားရမှာပါ။ ကျွန်တော်တို့မှာ ပြန်သုံးသပ်ပြီး တိုးတက်အောင် လုပ်ဖို့ အချိန်ရှိပါသေးတယ်" လို့ သူက ဆက်ပြောပါတယ်။
နည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာဖြစ်လို့ မိုက်ကယ်ကာရစ်က စိတ်အေးအေးထားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
"ကျွန်တော်တို့ ပွဲတစ်ပွဲပဲ ရှုံးသေးတာပါ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့တာ မှန်ပေမဲ့ ခြုံငုံကြည့်မယ်ဆိုရင် အသင်းက အခြေအနေကောင်းတစ်ခုမှာ ရှိနေပါသေးတယ်။ ရှုံးရတာကို မကြိုက်တာကြောင့် ဒီနေ့ညအတွက် စိတ်မကောင်းဖြစ်ရပေမဲ့ နောက်ပွဲမှာ ပိုကောင်းလာမှာပါ" လို့ ဆိုပါတယ်။
"ဒါကြောင့် အရင်က နိုင်ပွဲတွေရခဲ့စဉ်ကလိုပဲ အလုပ်ပြန်ကြိုးစားပြီး အကောင်းဆုံး ပြန်လုပ်သွားရမှာပါ။ ကျွန်တော်တို့ ဒါကို လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ အသင်းကောင်းတစ်သင်းဖြစ်သလို ကစားသမားကောင်းတွေလည်း ရှိပါတယ်။ ဒီနေ့ညကတော့ ကျွန်တော်တို့အတွက် ကံမပါခဲ့တဲ့ ညတစ်ညပါပဲ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။