နယူးကာဆယ်နဲ့ပွဲစဉ်မတိုင်ခင် ကွန်ဒီနဲ့ ဘယ်လ်ဒီတို့ ဒဏ်ရာရသွားလို့ ဘာစီလိုနာအတွက် ထိုးနှက်ချက်ဖြစ်လာ
ဘာစီလိုနာက နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မတိုင်ခင် နောက်ခံလူတွေဖြစ်တဲ့ ကွန်ဒီနဲ့ ဘယ်လ်ဒီတို့ကို လက်လွှတ်လိုက်ရပါတယ်။ ဒီကစားသမားနှစ်ဦးလုံးမှာ တံကောက်ကြောဒဏ်ရာရရှိနေတယ်ဆိုတာကို ဗုဒ္ဓဟူးနေ့ဆေးစစ်ချက်တွေအရ သိရှိခဲ့ရပါတယ်။
အက်သလက်တီကိုမက်ဒရစ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ကိုပါဒယ်လ်ရေးဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒီကစားသမားနှစ်ဦးလုံး ဒဏ်ရာရရှိခဲ့ပြီး လူစားလဲလှယ်ခဲ့ရသလို ဘာစီလိုနာလည်း နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးဖြင့် ပြိုင်ပွဲမှထွက်ခွာလာရပါတယ်။
ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်အရ "ဘယ်လ်ဒီပြန်ကောင်းလာဖို့ သီတင်းပတ်လေးပတ်လောက် ကြာမြင့်မယ်" လို့ သိရပြီး ကွန်ဒီကိုတော့ ဘယ်လောက်အထိနားရမလဲဆိုတာကို အတိအကျမဖော်ပြထားခြင်း မရှိပါဘူး။
စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ အသက် ၂၇ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ကွန်ဒီဟာလည်း ဘယ်လ်ဒီလိုပဲ ကာလတူနီးပါး အနားယူရဖို့ ရှိနေပါတယ်။
ဒါကြောင့် သူတို့နှစ်ဦးက ချန်ပီယံလိဂ်ပွဲစဉ်တွေအပြင် ဘီလ်ဘာအို၊ ဆီဗီလာ၊ ဗယ်လီကာနိုတို့နဲ့ ကစားရမယ့် လာလီဂါပွဲစဉ်တွေကိုလည်း လွဲချော်သွားဖို့ ရှိနေပါတယ်။
လက်ရှိမှာ ဘာစီလိုနာအသင်းက တံကောက်ကြောဒဏ်ရာရနေတဲ့ ကွင်းလယ်ကစားသမားဒီဂျောင်ကိုလည်း ဆုံးရှုံးထားရပါတယ်။
ဒီဒဏ်ရာကြောင့် ကွန်ဒီက မတ်လကုန်ပိုင်း၊ အမေရိကန်မှာ ဘရာဇီး၊ ကိုလံဘီယာတို့နဲ့ကစားမယ့် ပြင်သစ်အသင်းရဲ့ခြေစမ်းပွဲတွေကို လွဲချော်နိုင်ခြေ ရှိနေပါတယ်။ အဲဒီပွဲစဉ်တွေက လာမယ့်နွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲအကြို ပြင်ဆင်မှုတွေလည်း ဖြစ်ပါတယ်။
ဘယ်လ်ဒီကလည်း စပိန်လက်ရွေးစင်တစ်ဦးဖြစ်ပေမဲ့ နည်းပြ လူးဝစ်ဒီလာဖွန်တေရဲ့ ဦးစားပေးလူစာရင်းမှာတော့ ကူကူရယ်လာနဲ့ ဂရီမယ်လ်ဒိုတို့ရဲ့နောက်မှာပဲ ရှိနေပါတယ်။