အောက်စ်ဖို့ဒ်ကိုအနိုင်ရခဲ့လို့ ဝမ်းသာမိကြောင်း ပြောကြားလာတဲ့ ဆန်းဒါးလန်းနည်းပြ လီဘရစ်
တနင်္ဂနွေနေ့က အောက်စဖို့ဒ်ယူနိုက်တက်အသင်းရဲ့ ကွင်းမှာ ခက်ခက်ခဲခဲကစားပြီး အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီးမှာ ရလဒ်အပေါ် ကျေနပ်အားရမိတယ်လို့ ဆန်းဒါးလန်းနည်းပြ ရီဂျစ်လီဘရစ်က အခိုင်အမာပြောကြားလိုက်ပါတယ်။ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဟာဘစ်ဒီယာရာ သွင်းယူပေးခဲ့တဲ့ ပင်နယ်တီဂိုးကြောင့် ဆန်းဒါးလန်းတို့ စတုတ္ထအဆင့်ဆီ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
"အက်ဖ်အေဖလားပွဲစဉ်တွေမှာ ဘယ်ပွဲမှ မလွယ်ကူပါဘူး။ ပြီးခဲ့တဲ့ရာသီက ဒီကွင်းမှာ လာကစားတုန်းက ၂ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့လို့ တော်တော်လေး ရုန်းကန်ခဲ့ရတာပါ" လို့ လီဘရစ်က ပြောပါတယ်။ "ကျွန်တော်တို့ရဲ့ ဗဟိုနောက်ခံလူတွေဆီကို တိုက်ရိုက်အဝေးဘောတွေ ပစ်တင်ပြီး ကစားလာမယ့်ပုံစံကို ရင်ဆိုင်ဖို့ ကစားသမားတွေက အသင့်ပြင်ထားခဲ့ကြပါတယ်။ သူတို့က ဒုတိယဘောလုံး တွေကို အမိအရကစားဖို့ ကြိုးစားခဲ့ကြပြီး အဲဒါကပဲ ပွဲရဲ့ အဓိကအကြောင်းအရာ ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ဒါကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။
"ပြိုင်ဘက်ရဲ့ ဘောလုံးအဝေးကန်တာတွေ၊ လက်ပစ်ဘောအဝေးပစ်တာတွေကို အများကြီး ရင်ဆိုင်ခဲ့ရပေမဲ့ ဂိုးသွင်းဖို့ အခွင့်အရေးရတဲ့အချိန်မှာတော့ အပိုင်အသုံးချနိုင်ခဲ့ပါတယ်။ ကစားသမားတွေအကြား စည်းလုံးမှုရှိပြီး ဒီပြိုင်ပွဲရဲ့ အရေးပါမှုကိုလည်း သိထားကြပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက်ရော ပရိသတ်တွေအတွက်ပါ အရေးကြီးတဲ့ပွဲပါ။ ဒါကြောင့် ကစားရတာ ခက်ခဲပေမဲ့ အားအင်တွေကတော့ အကောင်းဘက်မှာ ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲကို အလေးထားပြီး တစ်ယောက်အတွက်တစ်ယောက်၊ အသင်းတံဆိပ်အတွက် အကောင်းဆုံး ကစားသွားချင်ပါတယ်။ မနက်ဖြန် မဲခွဲပွဲမှာ ဘယ်အသင်းနဲ့ တွေ့မလဲဆိုတာကိုလည်း စောင့်မျှော်နေပါတယ်" လို့ လီဘရစ်က ပြောကြားသွားခဲ့ပါတယ်။