ဟယ်ရီကိန်းရဲ့အရန်တိုက်စစ်မှူးအဖြစ် ဝက်ကင်းစ် ဒါမှမဟုတ် ကယ်လ်ဗတ်လီဝင်ကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်တဲ့ အိုဝင်
ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူးမိုက်ကယ်အိုဝင်က လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းနဲ့အတူ ဘယ်သူတွေပါဝင်သင့်သလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
လာမယ့်လအနည်းငယ်အတွင်းကျင်းပတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဟယ်ရီကိန်းရဲ့နေရာကို အစားထိုးကစားပေးနိုင်မယ့် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို အင်္ဂလန်အသင်းနည်းပြသောမတ်စ်တူချယ် ရှာဖွေနေပါတယ်။
နည်းပြဟောင်းဂါရတ်ဆောက်ဂိတ်လက်ထက်မှာတော့ အက်စတွန်ဗီလာတိုက်စစ်မှူးအိုလီဝက်ကင်းစ်ခြေစွမ်းပြနိုင်ခဲ့ပြီး အင်္ဂလန်အသင်းကို ယူရိုဗိုလ်လုပွဲအဆင့်ဆီတက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဝက်ကင်းစ်သာ ယခင်လိုခြေစွမ်းကောင်းတွေပြန်ရရှိလာမယ်ဆိုရင် လက်ရွေးစင်အဆင့် ပြန်ရွေးချယ်ခံရဖို့ အခွင့်အရေးရှိနေပါတယ်။
Chilebets.com နဲ့ GOAL တို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ အိုဝင်က သူသာဆိုရင် ဟယ်ရီကိန်းအပြင် နောက်ထပ်တိုက်စစ်မှူးနှစ်ဦးကိုပါ အသင်းဆီ ထည့်သွင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်သာဆိုရင် ဟယ်ရီကိန်းအပြင် နောက်ထပ်တိုက်စစ်မှူးနှစ်ဦးလောက် ခေါ်ယူသွားပါမယ်။ အခုခေတ်မှာ အသင်းလူစာရင်းပိုင်းဆိုတာ အတော်လေးကြီးမားလို့ တိုက်စစ်မှူးသုံးဦးလောက်အထိ ခေါ်ဆောင်သွားပြီး ကိုယ်ယုံကြည်ရတဲ့သူတွေကို စမ်းသုံးကြည့်တာ ကိစ္စမရှိဘူးလို့ ထင်ပါတယ်။
ဒါက နောက်ခံလူတွေ ဒါမှမဟုတ် ကွင်းလယ်လူတွေ ပိုခေါ်သွားတာမျိုးနဲ့ မတူပါဘူး။ ပြိုင်ပွဲရဲ့တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့အတွက် သွင်းဂိုးလိုအပ်လာမှာ သေချာပါတယ်။ ယူရိုပြိုင်ပွဲမှာ အိုလီဝက်ကင်းစ် လုပ်ပြသွားသလိုမျိုးပေါ့၊ လူစားဝင်လာပြီး ဂိုးသွင်းပေးခဲ့တာမျိုးပါ" လို့ အိုဝင်က ဆိုပါတယ်။