ရှောင်ဒိုက်ကိုထုတ်ပယ်ပြီးနောက် ဗီတာပါရဲရားနဲ့ဆွေးနွေးနေတဲ့ နော်တင်ဟမ်ဖောရက်စ်
နော်တင်ဟမ်ဖောရက်စ်က ရှောင်ဒိုက်ကိုထုတ်ပယ်ပြီးနောက် အသင်းနည်းပြရာထူးတာဝန်အတွက် ဗီတာပါရဲရားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ မနေ့ညပိုင်း၊ ဝုဗ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အပြီး နာရီပိုင်းအကြာမှာပဲ နည်းပြရှောင်ဒိုက်ကို နော်တင်ဟမ်ဖောရက်စ်က ရာထူးမှထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လတ်တလောမှာတော့ လန်ဒန်အခြေစိုက်ကလပ်အသင်းက ရာသီကုန်ဖို့ ၁၂ ပွဲအလို၊ ပရီးမီးယားလိဂ်တန်းဆင်းဇုန်နဲ့ ၃ မှတ်အကွာမှာ ရှိနေပါတယ်။
BBC Sport ရဲ့ဖော်ပြချက်အရ ဖောရက်စ်အသင်းတာဝန်ရှိသူတွေကိုယ်တိုင် နည်းပြသစ်တစ်ဦးအလျှင်အမြန်ခန့်အပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
သူတို့အတွက်ရွေးချယ်မှုက ပေါ်တူဂီလူမျိုးနည်းပြပါရဲရားဖြစ်လာပြီး ဒီနေ့မှာပဲ ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။ ပါရဲရားက ယခင်အိုလံပီယာကော့စ်အသင်းမှာလည်း နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင်အီဗန်ဂီလိုမာရီနာကစ်လက်အောက်မှာ အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ရှောင်ဒိုက်ကိုမခန့်အပ်ခင်မှာလည်း နော်တင်ဟမ်ဖောရက်စ်အသင်းက ပြီးခဲ့နှစ်စက်တင်ဘာလအတွင်း နူနိုဆန်းတို့စ်၊ အောက်တိုဘာလအတွင်း ပိုစတီကိုဂလူတို့ကို ရာထူးမှထုတ်ပယ်ခဲ့ပါသေးတယ်။