ဂျာကေးရဲ့ ပြင်းထန်ပုခုံးဒဏ်ရာကြောင့် စိုးရိမ်သောကပွားနေရတဲ့ လီဗာပူး
ယမန်နေ့ညပိုင်း၊ လန်းစ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ရန်းနက်စ်အသင်းခံစစ်မှူးဂျာကေး ပြင်းထန်ပုခုံးဒဏ်ရာ ရရှိသွားပါတယ်။
ဂျာကေးက ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာတင် လီဗာပူးဆီ ပေါင်သန်း ၆၀ ဖြင့်ပြောင်းရွှေ့ကစားဖို့ သဘောတူညီခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့သဘောတူညီမှုအပြီး ပထမဆုံးပြန်ကစားရတဲ့ပွဲစဉ်မှာပဲ ဂျာကေးက ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရသလို ရန်းနက်စ်ကိုယ်တိုင်လည်း လန်းစ်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ပွဲစဉ်အပြီး ရန်းနက်စ်နည်းပြဟာဘစ်ဘီယီက “ ဂျာကေးရဲ့ပုခုံးမှာ ဒဏ်ရာရသွားတာပါ။ နောက်ထပ် ဒဏ်ရာရသွားတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဘော့ဒ်လယ်လ်ကတော့ ကြွက်သားဒဏ်ရာရသွားတာ ဖြစ်ပါတယ်။ဒဏ်ရာအခြေအနေကို သေချာစစ်ဆေးဖို့ အချိန်ယူသွားရဖို့ရှိပေမယ့် သူတို့နှစ်ဦးရဲ့ဒဏ်ရာတွေက အတော်ပြင်းထန်တဲ့အနေအထားမှာရှိနေတယ်ဆိုတာ သေချာသလောက်ပါပဲ” လို့ ဖွင့်ဟခဲ့ပါတယ်။
လာမယ့်သီတင်းပတ်အတွင်း ဂျာကေးရဲ့ဒဏ်ရာအခြေအနေအကြောင်းကို ရန်းနက်စ်အသင်းထံမှ လီဗာပူးတို့ ပိုမိုသိရှိရပါလိမ့်မယ်။