
ချဲလ်ဆီးတိုက်စစ်မှူး အန်ကွန်ကူကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုးစားနေတာကြောင့် ယခုအခါ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမကုန်ဆုံးမီမှာပဲ ချဲလ်ဆီးတိုက်စစ်မှူး ခရစ္စတိုဖာအန်ကွန်ကူကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးအနေနဲ့ အန်ကွန်ကူကို ပေါင်သန်း ၇ဝ ဝန်းကျင်နဲ့ ရောင်းချဖို့ပြင်ဆင်ထားပြီး အန်ဇိုမာရက်စ်ကာရဲ့အသင်းဟာ ယူနိုက်တက်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကို စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ အန်ကွန်ကူနဲ့လမ်းခွဲဖို့ ဆန္ဒရှိနေတဲ့ချဲလ်ဆီးဟာ ကစားသမားကို အပြီးသတ်ရောင်းချဖို့ ရည်ရွယ်ထားပေမယ့် ယူနိုက်တက်အနေနဲ့ ပေါင်သန်း ၇၀ အထိတော့ ပေးချေဖို့ အလားအလာမရှိဘူးလို့သတင်းတွေကဖော်ပြထားပါတယ်။
တစ်ချိန်တည်းမှာပဲ ဘွန်ဒက်စ်လီဂါထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ပြင်သစ်လက်ရွေးစင်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမားရဲ့ တန်ကြေးကို ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်လိုနေပါတယ်။ ချဲလ်ဆီးဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား မာသစ်တဲလ်ကိုလည်းပစ်မှတ်ထားနေတာကြောင့် အန်ကွန်ကူကိုအသုံးချပြီး ခေါ်ယူနိုင်ဖို့ ကြိုးစားလာနိုင်ချေရှိပါတယ်။ သို့သော်လည်း လက်ရှိအချိန်မှာတော့ ၂ သင်းစလုံးတရားဝင်ကမ်းလှမ်းမှုတွေ အပြန်အလှန်ပြုလုပ်ထားခြင်းမရှိသေးတာကြောင့် အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းခင် ဘာတွေဖြစ်လာဦးမလဲ စောင့်ကြည့်ဖို့လိုအပ်နေပါသေးတယ်။
ချဲလ်ဆီးအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာဖွယ်ရှိနေတဲ့ ဂါနာချိုကို ခေါ်ယူနိုင်ဖို့ အဓိကလှုပ်ရှားနေတာဖြစ်ပြီး အာဂျင်တီးနားသားဟာ အသင်းရဲ့တိုက်စစ်ပိုင်းမှာ အံဝင်ခွင်ကျဖြစ်နိုင်တယ်လို့ ရှုမြင်ထားတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အသင်းရဲ့ညာတောင်ပံကစားသမား အန်တိုနီကို ရဲရဲလ်ဘက်တစ်ထံ အငှားစာချုပ်နဲသာစေလွှတ်ထားတာကြောင့် ဂါနာချိုကို အပြီးသတ်ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့လည်း သတင်းတွေထွက်ပေါ်ထားတာဖြစ်ပါတယ်။
အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းဖို့က ၈ ရက်အထိကျန်ရှိနေသေးလို့ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့အနေနဲ့ အဆိုပါကစားသမား ၂ ယောက်အကြား သဘောတူညီမှုတစ်စုံတစ်ရာရရှိသွားနိုင်လား စောင့်ကြည့်သွားမှာဖြစ်ပါတယ်။