
ဇာဗီဆိုင်မွန်စ်အတွက် လိုက်ပ်ဇစ်အသင်းဆီ ကမ်းလှမ်းရန် ပြင်ဆင်နေတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းက နယ်သာလန်လက်ရွေးစင် ကစားသမားနဲ့ ကိုယ်ရေးကိုယ်တာ သဘောတူညီမှု ရခဲ့ပြီးနောက် မကြာခင်မှာ လိုက်ပ်ဇစ်အသင်းဆီ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိနေပါတယ်။
ဆိုင်မွန်စ်ဟာ ချဲလ်ဆီးအသင်းကိုပဲ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချကာ ကိုယ်ရေးကိုယ်တာ သဘောတူညီမှု ရယူခဲ့ပါတယ်။ ကလပ် ကမ္ဘာ့ဖလားချန်ပီယံ ချဲလ်ဆီးအသင်းကလည်း လိုက်ပ်ဇစ်အသင်းဆီ တရားဝင်ကမ်းလှမ်းဖို့ မကြာခင် လုပ်ဆောင်သွားမယ်လို့ ဆိုင်မွန်စ်ကို ကတိပေးခဲ့တယ်လို့ Sky သတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရတော့ ဆိုင်မွန်စ်ဟာ လိုက်ပ်ဇစ်ရဲ့ ဘွန်ဒက်စ်လီဂါအဖွင့်ပွဲစဉ်မှာ ဘိုင်ယန်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ချဲလ်ဆီးအသင်းဟာ ဆိုင်မွန်စ်နဲ့ အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ပြီး သူ့ရဲ့ သဘောတူညီချက်ကို ရရှိခဲ့ပါတယ်။ လိုက်ပ်ဇစ်အသင်းကလည်း သင့်လျော်တဲ့ ကမ်းလှမ်းမှု ရရှိမယ်ဆိုရင် အသက် ၂၂ နှစ်အရွယ် ကစားသမားကို ခွဲခွာဖို့ ဆန္ဒရှိကြောင်း ပြောဆိုထားပြီး ဟော်လန်ကြယ်ပွင့်အတွက် ယူရို သန်း ၇၀ လိုချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အားကစားဒါရိုက်တာ မာဆယ်လ် ဆေဖာကလည်း သင့်လျော်တဲ့ သဘောတူညီချက်ရမှသာ လက်ခံသွားမယ်လို့ ပြောထားပါတယ်။
ချဲလ်ဆီးအသင်းက ဆိုင်မွန်စ်ကို ခေါ်ယူဖို့အတွက် ရန်ပုံငွေလိုအပ်နေတာကြောင့် ကစားသမားတွေ ရောင်းချပြီးမှသာ အပြောင်းအရွှေ့ကို လုပ်နိုင်မှာဖြစ်ကာ ခရစ္စတိုဖာ အန်ကွန်ကူနဲ့ နီကိုးလတ်စ် ဂျက်ဆင်တို့ကို ရောင်းချပြီး ရန်ပုံငွေရှာဖို့ ကြိုးစားနေပါတယ်။
အန်ကွန်ကူကို ဘိုင်ယန်အသင်းဆီ ရောင်းချပြီး ရန်ပုံငွေရှာဖို့ ချဲလ်ဆီးက မျှော်လင့်နေခဲ့ပါတယ်။ ဒါပေမဲ့ ဂျာမန်ချန်ပီယံအသင်းက အငှားနဲ့သာ ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ချဲလ်ဆီးက အပြီးသတ်ရောင်းချချင်တာကြောင့် သဘောတူညီမှု ရရှိဖို့ နီးစပ်လာခဲ့ပေမဲ့လည်း ပျက်ပြယ်လုနီးပါး ဖြစ်နေပါတယ်။ ချဲလ်ဆီးအသင်းက အန်ကွန်ကူအတွက် ယူရို သန်း ၄၀ ဝန်းကျင် ရရှိဖို့ မျှော်လင့်နေကာ ပြင်သစ်တိုက်စစ်မှူးဟာ ချဲလ်ဆီးနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။
ဆိုင်မွန်စ်အပြင် ချဲလ်ဆီးအသင်းက အလက်ဇန်ဒရို ဂါနာချိုကိုလည်း ခေါ်ယူချင်နေပါသေးတယ်။ အာဂျင်တီးနားလက်ရွေးစင် ကစားသမားကလည်း စတန်းဖို့ဒ်ဘရစ်ခ်ျကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေပါတယ်။ ချန်ပီယံလိဂ် ၂ ကြိမ်ရရှိထားတဲ့ ချဲလ်ဆီးအသင်းဟာ ဒီတောင်ပံကစားသမားအတွက် ယူရို ၃၅ သန်း ပေးချေဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။