The network connection is lost.

Banner Image

၁၉နှစ်အတွင်း ချဲလ်ဆီး အသင်းအပေါ် အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် စွမ်းဆောင်ပေးခဲ့တဲ့ အောင်မြင်မှုများ (ဆောင်းပါး)

ချဲလ်ဆီးမှာ ရှိနေတဲ့ ပိုင်ရှင်ရိုမန် အေဘရာမိုဗစ်ရဲ့ ခေတ်တစ်ခေတ်က မကြာခင်မှာ အဆုံးသတ်လာတော့မှာ ဖြစ်ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဝင်ရောက်ခြင်းနှင့်အတူ ယူကေအစိုးရကလည်း ရုရှားနဲ့ပတ်သက်သမျှတွေကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်လျက် ရှိပါတယ်။

ဒီအတွက်ကြောင့် လန်ဒန်ကလပ်မှာ ၁၉နှစ်တာ ဖြတ်သန်းလာတဲ့ အေဘရာမိုဗစ်ချ်က ခြင်္သေ့ပြာတွေနဲ့ လမ်းခွဲတော့မယ်လို့အတိအလင်း ကြေညာချက်ဟာ အားလုံးကို ရှော့ခ် ဖြစ်စေခဲ့ပါတယ်။ Forbes ရဲ့အဆိုအရ ရုရှားစီးပွားရေးလုပ်ငန်းရှင် အေဘရာမိုဗစ်ချ်ဟာ ဒေါ်လာ၁၃.၃သန်း (ပေါင်၁၀ဘီလျံ) ကြွယ်ဝချမ်းသာပြီး လက်ရှိမှာတော့ ချဲလ်ဆီးအသင်းကို ပေါင်၃ဘီလျံ ဖြင့် အရောင်းစာရင်း တင်ထားပါတယ်။

၂၀၀၃ခုနှစ်က မိုဗစ်ချ်ဟာ ချဲလ်ဆီးအသင်းကို ပေါင်သန်း ၁၄၀ဖြင့် ဝယ်ယူပြီးနောက်ပိုင်းမှာတော့ လန်ဒန်ကလပ်ကို ငွေကြေး ပေါင်၂.၁ဘီလျံအထိ သုံးစွဲကာ အဓိကဆုဖလားပေါင်း ၁၉လုံးအထိ ရယူပေးခဲ့ပါတယ်။ အေဘရာမိုဗစ်ချ်လက်ထက် ချဲလ်ဆီးအသင်းရဲ့ ငွေသုံးစွဲမှု၊ ရောင်းချမှု၊ မန်နေဂျာခန့်အပ်မှုတွေ၊ ဆုဖလားအောင်မြင်မှုတွေ ပြန်လည်ကြည့်ရအောင်လား။

ကစားသမားခေါ်ယူမှုအပေါ် သုံးစွဲမှု - ပေါင်၂.၁ဘီလျံ
------------------------------------------
အေဘရာမိုဗစ်ချ်လက်ထက် ချဲလ်ဆီးအသင်းဟာ ကစားသမားခေါ်ယူမှုပိုင်းမှာ ပေါင်၂.၁ဘီလျံအထိ သုံးစွဲခဲ့ပါတယ်။ အချိန်နဲ့အမျှ မိုဗစ်ချ်ဟာ ချဲလ်ဆီးအသင်း ဆုဖလားတွေ ရယူဖို့အတွက် ကစားသမားကောင်းများစွာကို ငွေကြေးစိုက်ထုတ်ကာ ဝယ်ယူပေးခဲ့ပါတယ်။ မိုဗစ်ချ်ရဲ့ စံချိန်တင်ကြေးခေါ်ယူထားတဲ့ ကစားသမားကတော့ လူကာကူ ဖြစ်ပြီး အင်တာမီလန်ကနေ ပေါင်၉၈သန်း ခေါ်ယူထားပါတယ်။

ဒုတိယမြောက်ကြေးအမြင့်ဆုံးကစားသမားက လေဗာကူဆင်က ကွင်းလယ်တိုက်စစ်သမား ကိုင်ဟားဗတ်ဇ်ကို ပေါင်၈၉သန်းဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမားကီပါ အရီဇာဘလာဂါကို ပေါင်၇၂သန်းဖြင့် ခေါ်ယူကာ စံချိန်တင်ကြေးအကြီးဆုံး ဂိုးသမားဖြစ်စေခဲ့သလို မိုရာတာကိုလည်း ပေါင်သန်း၇၀ ပေးခဲ့ပါတယ်။ ဒေါ့မွန်ကြယ်ပွင့် ပူလီဆစ်ကိုလည်း ပေါင်၅၈သန်းဖြင့် ခေါ်ယူထားပါတယ်။ နာမည်ကျော် ကစားသမားကောင်းများစွာကို ခေါ်ယူထားမှုကြောင့် ချဲလ်ဆီးဟာ နှစ်တိုင်းမှာ လူအင်အားအပြည့်ဖြင့် ဆုဖလားတိုင်းကို စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်ခဲ့ပါတယ်။

ကစားသမားပြန်လည်ရောင်းချမှုကနေ ဝင်ငွေ - ပေါင်၁.၁၆ ဘီလျံ
---------------------------------------------------
နှစ်များစွာ ကစားသမားတွေကို ခေါ်ယူခဲ့သလို ပြန်လည်ရောင်းချမှုမှာလည်း ချဲလ်ဆီးအသင်း လက်မတွန့်ခဲ့ပါဘူး။ ကစားသမားကောင်းများစွာ နှစ်တိုင်းမှာ ဝယ်ယူပြီး ခြေစွမ်းမပြနိုင်ရင် ပြန်လည်ရောင်းချခံရပါတယ်။ဒါတွေကနေ ငွေကြေးဆုံးရှုံးမှုကို ပြန်လည်အဖတ်ဆယ်နိုင်ပါတယ်။ အီဒင်ဟာဇက်က ရီးရဲလ်မက်ဒရစ်ကို ပေါင်၉၈သန်းဖြင့် ရောက်ခဲ့သလို မိုရာတာကလည်း အက်သလက်တီကိုအသင်းထံ ပေါင်၅၈သန်းဖြင့် ရောက်ခဲ့ပါတယ်။

သူတို့နှစ်ယောက်တန်ကြေးတင်ဘဲ ချဲလ်ဆီးအသင်း စရိတ်ကာမိပြီး ကစားသမားကောင်းတွေ ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။ တခြားသော လူသိများ ထင်ရှား ထွက်ခွာမှုတွင် ကော်စတာက အက်သလက်တီကိုအတွက် ပေါင်၅၃သန်း၊ ဒေးဗစ်လူးဝစ်ဇ်က ပီအက်စ်ဂျီကို ပေါင်သန်း၅၀နီးပါး ဖြင့် ရောက်ခဲ့ပါတယ်။ နှစ်ယောက်စလုံးက အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ခဲ့ပေမယ့် ချဲလ်ဆီးအတွက်ကတော့ လူသစ်စုဆောင်းရေးကိုသာ အာရုံစိုက်ခဲ့ပါတယ်။ ဒါကြောင့်ဘဲ နည်းပြနဲ ့ဘုတ်အဖွဲ့က ကစားသမားကောင်းတွေ ရှာဖွေတွေ့ရှိတိုင်းမှာ မိုဗစ်ချ်က ဈေးကွက်အတွင်း အမြဲတမ်းလိုလို ငွေစိုက်ထုတ်ပေးခဲ့ပါတယ်။

နည်းပြများခန့်အပ်ခြင်း - ၁၃ယောက်
----------------------
စတန်းဖို့ဘရစ်ချ်တွင် မိုဗစ်လက်ထက် နည်းပြ ၁၅ယောက်ခန့်အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ သူတို့ထဲက ၂ဦးက နောက်ထပ် ပြန်လည်ခေါ်ယူခံရပြီး ကျန်သူတွေကတော့ ဝင်လိုက်ထွက်လိုက် ဖြစ်ခဲ့ပါတယ်။ ယနေ့ခေတ် မော်ဒန်ဘောလုံးလောကမှာတော့ နည်းပြများ ဝင်ထွက်လာမှုတွေက အံ့သြစရာ မဟုတ်ပေ။ထိပ်သီးကလပ်များစွာက ရေရှည်ထက် ရေတို အောင်မြင်မှုကိုသာ လိုလားကြသည်။ ချဲလ်ဆီးအသင်းကလည်း ဒီအတိုင်းဖြစ်ပြီး ကမ္ဘာကျော်နည်းပြများကို ရလဒ်မကောင်းရင် မကောင်းသလို သနားညှာတာမှု မရှိဘဲ ထုတ်ပစ်တတ်ပါတယ်။

ရာနီယာရီ၊ မော်ရင်ဟိုဈ၊ ဂရန့်၊ စကိုလာရီ၊ဟစ်ဒင့် အစရှိတဲ့ ထိပ်တန်းနည်းပြတွေဟာ ၂၀၁၀ မတိုင်မီ အေဘရာမိုဗစ် ခန့်အပ်ခဲ့တဲ့ သူတွေဖြစ်ပြီး စပယ်ရှယ်ဝမ်းဖြစ်သူ မော်ရင်ဟိုကတော့ ချဲလ်ဆီးကို အောင်မြင်မှု အများဆုံး စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။  အဲဒီနောက် ဟစ်ဒင့်နေရာ အန်ဆယ်လော့တီ၊ ဗီလာဘရိုစ်၊ဒီမတ်တီယို၊ ဘင်နီတက်ဇ်၊ မော်ရင်ဟို ပြန်လာခြင်း၊ ဟစ်ဒင့် နောက်ထပ်ကိုင်တွယ်ခြင်း၊ ကွန်တီ၊ ဆာရီ၊ လမ်းပတ်တို့အထိ ဖြစ်ကာ လက်ရှိ တူချယ် ကိုင်တွယ်နေပါတယ်။

မိုဗစ်ချ်လက်ထက် မန်နေဂျာ ခန့်အပ်မှု မှတ်တမ်း
-------------------------------------------------
ရာနီယာရီ (စက်တင်ဘာ ၂၀၀၀ ကနေ မေလ ၂၀၀၄)
အဗရန် ဂရန့် ( စက်တင်ဘာ ၂၀၀၇ကနေ မေလ ၂၀၀၈)
ဖီလစ်ပီ စကိုလာရီ (ဂျူလိုင် ၂၀၀၈ကနေ ဖေဖော်ဝါရီ ၂၀၀၉)
ဟစ်ဒင့် (ဖေဖော်ဝါရီ ၂၀၀၉ ကနေ မေလ ၂၀၀၉)
အန်ဆယ်လော့တီ (ဂျွန်လ ၂၀၀၉ကနေ မေလ ၂၀၁၁)
ဗီလာဘရိုစ် ( ဂျွန်လ ၂၀၁၁ကနေ မတ်လ ၂၀၁၂)
ဒီမတ်တီယို (မတ် ၂၀၁၂ ကနေ နိုဝင်ဘာ ၂၀၁၂)
ဘင်နီတက်ဇ် (နိုဝင်ဘာ ၂၀၁၂ ကနေ မေလ ၂၀၁၃)
မော်ရင်ဟို (ဂျွန်လ ၂၀၁၃ကနေ ဒီဇင်ဘာ ၂၀၁၅)
ဟစ်ဟင့် (ဒီဇင်ဘာ ၂၀၁၅ကနေ မေလ ၂၀၁၆)
အန်တိုနီယို ကွန်တီ (ဂျူလိုင် ၂၀၁၆ကနေ ဂျူလိုင် ၂၀၁၈)
မော်ရီဇီယို ဆာရီ (ဂျူလိုင် ၂၀၁၈ကနေ ဂျွန်လ ၂၀၁၉)
ဖရန့်လမ်းပတ် (ဂျူလိုင် ၂၀၁၉ကနေ ဇန်နဝါရီ ၂၀၂၀)
သောမတ်စ် တူချယ် (ဇန်နဝါရီ ၂၀၂၀ကနေ လက်ရှိ)

ပရီးမီးယားလိဂ် ရမှတ် - ၁၄၄၉မှတ်
အေဘရာမိုဗစ်ချ်လက်ထက် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၅ကြိမ် ရခဲ့ပြီး ဆုဖလားရနိုင်တဲ့ အနီးစပ်ဆုံး နှစ်တွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်တွင် ရမှတ်ပေါင်း ၁၅၀၀ ပြည့်တော့မှာ ဖြစ်ပြီး ဆုဖလားရတဲ့နှစ်တွေကတော့ ၂၀၀၄-၀၅၊ ၂၀၀၅-၀၆၊ ၂၀၀၉-၁၀၊၂၀၁၄-၁၅၊ ၂၀၁၆-၁၇ တို့ ဖြစ်ပါတယ်။

အေဘရာမိုဗစ်ချ် ရောက်ရှိလာပြီးကတည်းက ချဲလ်ဆီးဟာ တခြားအသင်းများထက် ရမှတ်ပိုမို ရရှိထားပြီး ထူးခြားတဲ့ စွမ်းဆောင်ရည် ဖြစ်သည်။ မိုဗစ်ချ်လက်ထက် ၇၀၉ ပွဲကစားထားရာမှာ နိုင်ပွဲ ၄၃၂ပွဲ၊ သရေ ၁၅၃ပွဲ၊ ရှုံးပွဲ ၁၂၄ပွဲ ရှိထားသည်။ သွင်းဂိုး ၁၃၀၉ ဂိုး ဖြစ်ကာ ပေးဂိုး ၆၂၁ ဂိုး ရှိပါတယ် ဂိုးကွာခြားချက် ၆၈၈ဂိုး ရှိပါတယ်။

အေဘရာမိုဗစ်ချ် လက်ထက် ဆုဖလားရရှိမှု - ၂၁လုံး
-------------------------------------------
ပြောရမယ်ဆိုရင် အဓိကဆုဖလား ၁၉လုံး ရရှိထားပြီး စုစုပေါင်းဆိုရင် ၂၁လုံး ရရှိထားပါတယ်။ ဒါဟာ အေဘရာမိုဗစ်ချ် အသင်းကို ဝယ်ယူပြီးနောက်ပိုင်း ဖြစ်ပါတယ်။ အထူးသဖြင့် ပြိုင်ပွဲတိုင်းမှာ ချဲလ်ဆီးဟာ အနည်းဆုံး ၁ကြိမ်ခန့်ဆုဖလား ရရှိထားပါတယ်။ ပရီးမီးယားလိဂ် ၅ကြိမ်အပြင် ချန်ပီယံလိဂ် ၂ကြိမ်ကို ၂၀၁၂နှင့် ၂၀၂၁ နှစ်တွေမှာ ရယူထားပါတယ်။

အက်ဖ်အေဖလား ၅ကြိမ် ကိုင်မြှောက်ထားပြီး နောက်ဆုံးရခဲ့တာက ၂၀၁၈ခုနှစ်က ဖြစ်ပါတယ်။ကာရာဘောင်ဖလားကိုတော့ ၃ကြိမ် ရယူထားပါတယ်။ ယူရိုပါလိဂ်ကိုလည်း ၂၀၁၃နှင့် ၂၀၁၉ခုနှစ်တွေမှာ ရယူထားပြီး စူပါဖလားကို ပြီးခဲ့တဲ့နှစ်က ရယူထားပါတယ်။ ပြီးခဲ့တဲ့လက ကလပ်ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ရယူထားပြီး ပြိုင်ပွဲတိုင်းမှာ ဆုဖလားတွေ ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မိုဗစ်ချ်လက်ထက် ဆုဖလားရရှိမှု
----------------------------
ပရီးမီးယားလိဂ် ၅ကြိမ်
အက်ဖ်အေဖလား - ၅ကြိမ်
လိဂ်ဖလား - ၃ကြိမ်
ချန်ပီယံလိဂ် - ၂ကြိမ်
ယူရိုပါလိဂ် - ၂ကြိမ်
ကွန်မြူနတီဒိုင်း - ၂ကြိမ်
ယူအီးအက်ဖ်အေ စူပါဖလား- ၁ကြိမ်
ကလပ်ကမ္ဘာ့ဖလား - ၁ကြိမ်