The network connection is lost.

Banner Image

တူရကီနဲ့ပွဲမတိုင်ခင် ကြံ့ခိုင်မှုအခြေအနေအပေါ် ယုံကြည်မှုရှိနေတဲ့ အမေရိကန်ကြယ်ပွင့် ပူလီဆစ်

အမေရိကန်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ခရစ္စတီယန် ပူလီဆစ်က သူ့ရဲ့ ခြေသလုံးကြွက်သားဒဏ်ရာ ပြန်လည်သက်သာလာမှုအပေါ် အကောင်းမြင်နေပြီး ကြာသပတေးနေ့မှာ ကစားမယ့် တူရကီနဲ့ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ သူ တကယ်ပါဝင်ကစားနိုင်မလားဆိုတာကတော့ အတည်မပြုနိုင်သေးပါဘူး။

ပူလီဆစ်ဟာ ပါရာဂွေးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘယ်ဘက်ခြေသလုံး နာကျင်မှုကို ခံစားခဲ့ရတာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပြီးကတည်းက ပြန်မကစားနိုင်သေးတာပါ။ ပြီးခဲ့တဲ့ သောကြာနေ့က ဩစတြေးလျကို ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ဖို့ နီးစပ်ခဲ့ပေမဲ့လည်း လွဲချော်ခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန်အသင်းရဲ့ လေ့ကျင့်ရေးစခန်းမှာတော့ "ကျွန်တော် နေလို့ကောင်းပါတယ်၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနိုင်ခဲ့လို့ စိတ်ထဲမှာလည်း အကောင်းမြင်နေပြီး မနက်ဖြန်ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပူလီဆစ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီဒဏ်ရာဟာ ပါရာဂွေးနဲ့ ပွဲမတိုင်ခင် ရက်အနည်းငယ်အလို လေ့ကျင့်ရေးဆင်းနေချိန်မှာ ခြေသလုံးကို ပြင်းပြင်းထန်ထန် အကန်ခံခဲ့ရတာကြောင့် ဖြစ်တယ်လို့ ပူလီဆစ်က ဆိုပါတယ်။ ပွဲစစချင်းမှာတော့ အဆင်ပြေသလို ခံစားခဲ့ရပေမဲ့ ပထမပိုင်းအတွင်းမှာပဲ ဒဏ်ရာက ပိုဆိုးလာခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ "ဒဏ်ရာက ဘယ်လိုအခြေအနေလဲဆိုတာ အတိအကျတောင် မသိပါဘူး။ ပွဲမတိုင်ခင် နှစ်ရက်လောက်မှာ ခြေသလုံးကို အပြင်းအထန် အကန်ခံခဲ့ရတာပါ။ ပထမပိုင်းတစ်လျှောက်လုံးတော့ အဆင်ပြေခဲ့ပေမဲ့ နောက်ပိုင်းမှာ နည်းနည်းသတိထားမိလာတယ်။ အဲ့ဒီအချိန်မှာတော့ စိတ်လှုပ်ရှားမှု (Adrenaline) ကြောင့်ပဲ ဆက်ကစားနိုင်ခဲ့တာ ထင်ပါတယ်။ ခြေသလုံးက တော်တော်လေး အညိုအမည်းစွဲပြီး ကြွက်သားနာတာလား၊ ဘာလဲတော့ မသိဘူးပေါ့။ ဒါပေမဲ့ အခုတော့ အများကြီး သက်သာနေပါပြီ" လို့ ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးက ဩစတြေးလျနဲ့ပွဲကို လွဲချော်ခဲ့ရတာဟာ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ "ပထမပွဲအပြီးမှာ တစ်ခုခုခံစားနေရတာကို သိလိုက်ရလို့ တကယ်ကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အဆိုးဆုံးတွေ ဖြစ်လာမှာကို မကြောက်ခဲ့ပေမဲ့ မလိုအပ်ဘဲ အကြာကြီး အနားမယူချင်ခဲ့ဘူး" လို့ ပူလီဆစ်က ပြောပါတယ်။

အမေရိကန်အသင်းဟာ ပထမနှစ်ပွဲစလုံး အနိုင်ရထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ သေချာနေပြီဖြစ်ပြီး လော့စ်အိန်ဂျလိစ်အားကစားကွင်းမှာ ကစားမယ့် တူရကီနဲ့ပွဲဟာ သူတို့အတွက် အဆုံးအဖြတ်ပွဲ မဟုတ်တော့ပါဘူး။

"နောက်ဆုံးပွဲမှာ အနိုင်ရထားရင် နောက်ထပ်ပွဲအတွက် ပိုပြီး စိတ်ဓာတ်တက်ကြွစေပါတယ်။ အနိုင်ရချင်တဲ့ စိတ်ဓာတ်က ကိုယ့်ဆီမှာ ကပ်ပါလာတာပါ။ အသင်းဖော်တွေကလည်း နောက်ထပ် အံ့အားသင့်စရာကောင်းတဲ့ အနိုင်ရလဒ်ကို ဖော်ဆောင်ပေးခဲ့ကြတာကြောင့် ကျွန်တော့်အတွက် အများကြီး ပိုလွယ်ကူသွားစေတယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။