
အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်အပေါ် ယူကေ အစိုးရရဲ့ ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ဂျွန် တယ်ရီ နဲ့ ဂျွန် အိုဘီ မီခဲလ်
ရုရှားဘီလီယံနာဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ထင်ရှားတဲ့ ဆက်နွယ်မှုတွေရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချဲလ်ဆီးအသင်းကို အေဘရာမိုဗစ်လက်ထဲကနေ အစိုးရက ကြားဝင်စွက်ဖက် သိမ်းယူခဲ့တာဖြစ်ပါတယ်။
အေဘရာမိုဗစ်ဟာ ကလပ်အသင်းကို ၁၉ နှစ်ကြာ ပိုင်ဆိုင်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း အစိုးရက သူ့ရဲ့ ပိုင်ဆိုင်ခွင့်ကို ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။
"သူ့အပေါ် ဖြစ်ပျက်ခဲ့တာတွေက 'ရွံစရာကောင်းတယ်လို့ ကျွန်တော်ထင်တယ်" လို့ တယ်ရီက အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဂျွန် အိုဘီ မီခဲလ် ပူးတွဲတင်ဆက်တဲ့ The Obi One podcast ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
"လော့ခ်ဒေါင်းကာလအတွင်း သူလုပ်ခဲ့တာတွေ၊ NHS (အမျိုးသားကျန်းမာရေးဝန်ဆောင်မှု) အတွက် သူလုပ်ပေးခဲ့တာတွေက အံ့မခန်းပါပဲ။ စတန်းဖို့ဒ် ဘရစ်ချ်ကို သူနာပြုတွေအားလုံးအတွက် ဖွင့်ပေးခဲ့တာ၊ အဲ့ဒီခက်ခဲတဲ့အချိန်မှာ လူတွေကို နေစရာတွေ ပေးခဲ့တာတွေပါ။ သူက ကျွန်တော်တို့ ဘောလုံးအသင်းကို ချစ်တဲ့ တကယ်ကို ချစ်စရာကောင်းတဲ့ လူကြီးလူကောင်းတစ်ယောက်ပါ။ ကျေးဇူးတင်စရာကောင်းတာက သူက တခြားဘောလုံးအသင်းတစ်သင်းကို ငြင်းပယ်ခဲ့ပြီး ကျွန်တော်တို့ဆီ လာဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပါပဲ" လို့ တယ်ရီက ပြောပါတယ်။
အိုဘီ မီခဲလ်ကလည်း "ရိုမန်က တကယ့်လူကြီးလူကောင်းစစ်စစ်ပါ။ သူက လူတိုင်းကို ဂရုစိုက်တယ်၊ ကစားသမားတွေ၊ ပရိသတ်တွေ အားလုံးကိုပါ။ ကျွန်တော့်အဖေ ပြန်ပေးဆွဲခံရတုန်းက သူ့ဆီက ဖုန်းဝင်လာတာကို ကျွန်တော် မှတ်မိနေတုန်းပဲ"
"သူက ဂရုတစိုက်နဲ့ ကျွန်တော့်ကို ပြောပါတယ်။ မီခဲလ် မင်း ဘာလိုလဲ၊ ဘာအကူအညီ လိုသေးလဲ၊ မင်းအဖေကို ဘယ်လိုပြန်ခေါ်ရမလဲ သိလားတဲ့။ ကျွန်တော်ကလည်း ကျွန်တော်မသိဘူး၊ ပြန်ပေးဆွဲသမားတွေနဲ့ စကားမပြောရသေးဘူးလို့ ပြန်ပြောလိုက်တယ်။ သူက ကောင်းပြီ၊ နားထောင်၊ မင်းရဲ့ခွင့်ပြုချက်နဲ့ပဲ ငါ့ကို ၂၄ နာရီ အချိန်ပေး ငါ မင်းအဖေကို အိမ်ပြန်ခေါ်ခဲ့မယ်လို့ ပြောပါတယ်"
"အဲ့ဒီမှာ ကျွန်တော် စဉ်းစားမိတာ သေစမ်းကွာ ရိုမန်ရာ သူက နိုက်ဂျီးရီးယားမှာ ရောက်နေတာ ဘယ်နေရာမှာမှန်းလဲ မသိဘဲနဲ့ မင်းက ဘယ်လိုလုပ်ပြီး သူ့ကို ပြန်ခေါ်လာမှာလဲ လို့ပေါ။ သူက စိတ်မပူနဲ့ ငါ သူ့ကို ပြန်ခေါ်လာခဲ့မယ်လို့ ပြောပါတယ်။ ဒါကမှ တကယ့် လူမိုက်အဆင့် ဂန်းစတား ဆိုတာပဲ"
"ဒါက သူ ကစားသမားတွေကို၊ သူ့ရဲ့ ကစားသမားတွေကို၊ ပြီးတော့ ဘောလုံးအသင်းကို ဘယ်လောက်ချစ်တယ်ဆိုတဲ့ စံနှုန်းပါပဲ။ ဒီနေ့ ကျွန်တော်တို့ ဘယ်သူတွေဖြစ်လာလဲဆိုတာ ရိုမန်ကြောင့်ပါ၊ ကျွန်တော်တို့ဟာ ချဲလ်ဆီး ဘောလုံးအသင်း ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ ဆုဖလားပေါင်းများစွာ ရခဲ့တယ်၊ အခု ကမ္ဘာ့အကြီးဆုံး ကလပ်တွေထဲက တစ်သင်းဖြစ်နေပြီ၊ ဒါတွေအားလုံးက ရိုမန် အေဘရာမိုဗစ်ရဲ့ ကျေးဇူးတွေချည်းပါပဲ" လို့ ပြောပါတယ်။