
အာဆင်နယ်ကိုငြင်းဆန်ပြီး ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်သို့သာပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတဲ့ ဇူဘီမန်ဒီ
အာဆင်နယ်ဟာ ရီးရဲလ်ဆိုစီဒက်ကွင်းလယ်ကြယ်ပွင့် မာတင်ဇူဘီမန်ဒီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် ကစားသမားကတော့ ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ဖို့ ငြင်းဆန်ထားပြီး လာလီဂါထိပ်သီးကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ထံသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အာတီတာဟာ စပိန်လက်ရွေးစင်ကွင်းလယ်ခံစစ်ကစားသမားကို ကာလရှည် မျက်စိကျနေခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သို့ခေါ်ယူဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အပြင် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း ဇူဘီမန်ဒီကိုချဉ်းကပ်မှုတွေပြုလုပ်နေကြတာကြောင့် ကစားသမားဟာ ရီးရဲလ်ဆိုစီဒက်ကနေထွက်ခွာရမယ်ဆိုရင်လည်း လာလီဂါမှာသာ ဆက်လက်နေထိုင်လိုတာဖြစ်ပါတယ်။
ဘာစီလိုနာအနေနဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ် ဂျိုရှူးဝါးကင်းမစ်ချ်ကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေပေမယ့် ဂျာမန်သားဘက်က စိတ်မဝင်စားတာကြောင့် အခုလို ဇူဘီမန်ဒီဘက်ကို အာရုံပြောင်းလာတာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့လည်း ဇူဘီမန်ဒီသာငြင်းပယ်ခဲ့မယ်ဆိုရင် အခြားကွင်းလယ်ခံစစ်ကစားသမားတွေကိုခေါ်ယူဖို့ စောင့်ကြည့်မှုတွေပြုလုပ်နေပြီး ဆန်ခါတင်စာရင်းထဲမှာ ဘင်ဖီကာကွင်းလယ်လူ ဂျိုအိုနီဗက်စ်၊ အဲဗာတန်ကွင်းလယ်လူ အာမန်ဒူအိုနာနာ၊ နယူးကာဆယ်ကွင်းလယ်လူ ဘရူနိုဂူမာရေးစ်နဲ့ အက်စတွန်ဗီလာကွင်းလယ်လူ ဒေါက်လက်စ်လူးဝစ်ဇ်တို့ပါဝင်နေတယ်လို့သိရပါတယ်။
ဇူဘီမန်ဒီဟာ ၂၀၂၄ ယူရိုပြိုင်ပွဲမှာပါဝင်ဖို့အတွက် စပိန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းခံထားရသော်လည်း ပွဲထွက်ကစားသမားအဖြစ်တော့ ပါဝင်ကစားနိုင်ဖို့မရှိဘဲ မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ရိုဒရီကသာ လူးဝစ်ဒီလာဖူရန်တီရဲ့အသင်းအတွက် ပွဲထွက်ပါဝင်သွားမှာဖြစ်ပါတယ်။