လီဗာပူးကြယ်ပွင့်ဖလော်ရီယန်ဝစ်ဇ်ဆီမှာ စပိန်နိုင်ငံကူးလက်မှတ် ရှိစေချင်တယ်လို့ ဒီလာဖွန်တေ ပြောဆို
စပိန်နည်းပြလူးဝစ်ဒီလာဖွန်တေက ဖလော်ရီယန်ဝစ်ဇ်ကို ဂျာမနီလက်ရွေးစင်ကစားသမားတစ်ဦး မဖြစ်စေချင်ဘူးလို့ ထုတ်ဖော်ပြောကြားလာပါတယ်။
လေဗာကူဆင်မှ ပေါင် ၁၁၆ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် မာဆေးဆိုဒ်မှာ ချက်ချင်းခြေစွမ်းပြသနိုင်ဖို့အတွက် ဖလော်ရီယန်ဝစ်ဇ်အပေါ် ကြီးမားတဲ့ဖိအားတွေ ရှိနေခဲ့ပါတယ်။
လီဗာပူးကစားသမားဘ၀၊ ၅၅ ပွဲကစားပြီးချိန်မှာ ဖလော်ရီယန်ဝစ်ဇ်က ခုနစ်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားပါတယ်။ သူက အသင်းနဲ့အသားကျလာအောင် ကြိုးစားနေရသလို မာဆေးဆိုဒ်ကလပ်အတွက် သူ့ရဲ့အကောင်းဆုံးပုံစံအတိုင်း ကစားပေးနိုင်ဖို့ ရုန်းကန်နေရတယ်ဆိုတာ ငြင်းမရတဲ့အချက် ဖြစ်နေပြန်ပါတယ်။
အခုနိုင်ငံတကာသီတင်းပတ်အတွင်း ဂျာမနီနည်းပြယာဂန်ကလော့ပ်က ဖလော်ရီယန်ဝစ်ဇ်အပေါ် ဝေဖန်မှုတွေကို လူသိရှင်ကြားကာကွယ်ပေးခဲ့ပြီး ကစားသမားကို တစ်ဦးချင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေနဲ့ ဆုံဖြတ်မယ့်အစား အသင်းအတွက် ခြုံငုံအကျိုးပြုမှုကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။
အခုလည်း စပိန်နည်းပြဒီလာဖွန်တေက ဒီကွင်းလယ်ဖန်တီးရှင်ကို သူ့ရဲ့ကမ္ဘာ့ဖလားချန်ပီယံလူစာရင်းမှာ အကောင်းဆုံးအံဝင်ခွင်ကျဖြစ်မယ့် ကစားသမားလို့ ဝန်ခံရင်း ချီးကျူးလိုက်ပါတယ်။
ဒီလာဖွန်တေက "ဖလော်ရီယန်ဝစ်ဇ်က အံ့အားသင့်စရာကောင်းလောက်အောင် ထက်မြက်လွန်းပါတယ်။ ကံဆိုးတာ သူ့မှာ စပိန်နိုင်ငံကူးလက်မှတ် မရှိတာပါပဲ(ရယ်လျက်)။ သူ့ရဲ့ကစားပုံကို ကျွန်တော် သဘောကျပါတယ်"
"ဂျာမနီဆိုတာ ကမ္ဘာ့ဘောလုံးလောကမှာ ကြီးကျယ်တဲ့ သမိုင်းကြောင်း ရှိခဲ့ပြီး အထူးသဖြင့် ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကလပ်အသင်းမှာရော၊ လက်ရွေးစင်အဆင့်မှာပါ ဘောလုံးလောကကို ပုံဖော်ပေးခဲ့ပါတယ်။ သူတို့ဆီမှာ ဘက်ကင်ဘောင်ဝါတင်မကဘဲ ထူးချွန်တဲ့ကစားသမားတွေ အကြိမ်ကြိမ်ပေါ်ထွက်ခဲ့ဖူးပါတယ်"
"ကျွန်တော်ငယ်ငယ်တုန်းက ရီးရဲလ်မက်ဒရစ်မှာ ရှိခဲ့တဲ့ အံ့ဖွယ်ကစားသမား ဂွမ်တာနက်ဇာကို အလွန်အားကျခဲ့ဖူးပါတယ်။ သူရဲ့အိပ်မက်ဆန်ဆန်ဘောလုံးပေးပို့မှုတွေက တမူထူးခြားပါတယ်။ ပေါလ်ဘရိုက်တ်နာလည်း ထူးချွန်တဲ့ကစားသမားတစ်ဦးအဖြစ် ကျွန်တော့်ရဲ့မှတ်ဉာဏ်မှာ ကျန်ရှိနေတုန်းပါပဲ" လို့ ပြောပါတယ်။
အလွန်တောက်ပတဲ့အနာဂတ်ရှိနေတဲ့ အသက် ၂၃ နှစ်အရွယ်ကစားသမားက အခုနိုင်ငံတကာသီတင်းပတ်အတွင်း ဆားဘီးယား၊ ဂရိတို့နဲ့ရင်ဆိုင်ရမယ့် ဂျာမနီအသင်းရဲ့နေးရှင်းလိဂ်ပွဲစဉ်တွေမှာ ပါဝင်ယှဉ်ပြိုင်ကစားဖို့ ပြင်ဆင်နေပါတယ်။