ပြင်သစ်ကို အနိုင်ရပြီးနောက် ကွင်းထဲမှာ သူပြောခဲ့တဲ့စကားက ဘယ်သူ့ကို ရည်ရွယ်ခဲ့သလဲဆိုတာရှင်းပြလာတဲ့ ယာမယ်လ်
စပိန်လက်ရွေးစင် တောင်ပံကစားသမား လာမိုင်းယာမယ်လ်ဟာ ယနေ့နံနက်က ပြင်သစ်ကို အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ ကွင်းထဲသို့ ဝင်ရောက်ပြီး ပေါက်ကွဲတဲ့လေသံနဲ့ စကားပြောခဲ့ကာ ယခုအခါမှာတော့ အဆိုပါစကားလုံးတွေက ဘယ်သူ့ကိုရည်ရွယ်ခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
ဘာစီလိုနာ ပါရမီရှင်ကစားသမားလေးဟာ ယခုပွဲစဉ်မှာ စပိန်အတွက် ချေပဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ယူရိုသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်းကိုလည်း ဗိုလ်လုပွဲသို့ အရောက်ပို့ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခုပွဲစဉ်မတိုင်မီမှာ စပိန်ကွင်းလယ်လူ ရာဘီရော့က ယာမယ်လ်ကို အဓိကပစ်မှတ်ထားပြီး ပြင်သစ်ကိုကျော်ဖြတ်နိုင်ဖို့ဆိုရင်တော့ လူငယ်ကစားသမား အနေနဲ့ လက်ရှိပြသထားတဲ့ ခြေစွမ်းထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းမျိုးကို ပြသဖို့လိုတယ်လို့ပြောကြားခဲ့တာကြောင့် ပွဲအပြီး ယာမယ်လ်ရဲ့တုံ့ပြန်ချက်ဟာ ရာဘီရော့ကို ရည်ရွယ်တယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။
မြူးနစ်မှာ ကျင်းပခဲ့တဲ့ ယခုပွဲစဉ်မှာ ပြင်သစ်က ပွဲအစ ၉ မိနစ်မှာပဲ ကိုလိုမူအာနီရဲ့ခေါင်းတိုက်ချက်ကြောင့် ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် စပိန်က လာမိုင်းယာမယ်၊ ဒါနီအိုလ်မိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ နောက်နေလိုက်ပြီး အနိုင်ကစားခဲ့တာကြောင့် ၂-၁ နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် ဖူရန်တီရဲ့အသင်းဟာ မနက်ဖြန် ဒေါ့မွန်ရဲ့အိမ်ကွင်းမှာ ကစားမယ့် အင်္ဂလန်နဲ့ နယ်သာလန်တို့ပွဲစဉ်မှ အနိုင်ရမယ့်အသင်းကို ဗိုလ်လုပွဲကနေ ကြိုစောင့်နေပြီဖြစ်ပါတယ်။
ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ သူပြောကြားခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး ဖြေရှင်းတဲ့အနေနဲ့ ယာမယ်လ်က “ကျွန်တော်ဘယ်သူ့ကို ရည်ရွယ်ပြီးပြောခဲ့သလဲဆိုတာ အပြောခံရတဲ့သူ သိပါလိမ့်မယ်။ ပြီးတော့ အခုလို ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ ကျွန်တော်တို့အသင်းအတွက်လည်း ပျော်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မစတင်မီမှာ ပြင်သစ်ကွင်းလယ်လူ ရာဘီရော့က “လာမိုင်းယာမယ်လ်အနေနဲ့ စပိန်အသင်းနဲ့အတူ ယူရိုဗိုလ်လုပွဲကိုကစားချင်ရင်တော့ သူလက်ရှိလုပ်ပြထားတဲ့ အရာတွေထက် အများကြီးပိုကောင်းအောင်လုပ်ပြဖို့ လိုပါသေးတယ်။ ကျွန်တော်တို့ သူ့ကိုဖိအားပေးကစားသွားမှာဖြစ်လို့ ဒီပွဲမှာတော့ သူ့အနေနဲ့ သက်တောင့်သက်သာကစားလို့ရမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြင်သစ်ကို ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယာမယ်လ်ဟာ နှစ်ပေါင်း ၂၀ ကြာ စံချိန်တင်ထားခဲ့တဲ့ ယူရို အသက်အငယ်ဆုံးကစားသမားဆိုတဲ့ စံချိန်ရှင် ဂျိုဟန်ဗွန်လန်တန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဆွစ်ဇာလန်ကြယ်ပွင့်ဟာ အသက်-၁၈ နှစ်အရွယ်မှာပဲ ယူရိုအသက်အငယ်ဆုံး ဂိုးသွင်းရှင်ဖြစ်ခဲ့ပေမယ့် ယာမယ်ကတော့ ဗွန်လန်တန်ထက် ၁ နှစ်ပိုငယ်နေတာဖြစ်ပါတယ်။
ဆက်လက်ပြီး စပိန်နည်းပြ လူးဝစ်ဒီလာဖူရန်တီကလည်း “ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ အသင်းအနေနဲ့ ဒီအဆင့်ထိ ပျော်ပျော်ရွှင်ရွှင်ကစားခဲ့ပြီး အခုလို ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့လို့ ပိုပျော်ပါတယ်။ ကစားသမားတွေအတွက် အရမ်းဂုဏ်ယူပါတယ်။ သူတို့က ထူးရှယ်ကစားသမားတွေပါ။ သူတို့က ပွဲကိုဘယ်လိုကစားရမလဲဆိုတာ ဖတ်တတ်ပြီး ထူးခြားတဲ့နည်းလမ်းတွေနဲ့ ကစားနိုင်ကြပါတယ်” “ကျွန်တော်တို့ဟာ စပိန်အသင်းနဲ့ထိုက်တန်တဲ့နေရာတစ်ခုကို ပြန်ပို့နိုင်ခဲ့တာပါ။ ကစားသမားတွေရဲ့ စွမ်းဆောင်ချက်တွေကို တန်ဖိုးထားရပါမယ်။ ကျွန်တော်တို့ သမိုင်းတစ်ခုကို ဆက်လက်ဖန်တီးသွားမှာဖြစ်လို့ လုံးဝမရပ်တန့်သေးပါဘူး။ ဘာလင်မှာ ကစားမယ့် ဗိုလ်လုပွဲအတွက် အာရုံစိုက်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။