အင်္ဂလန်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို ဒဏ်ရာပြဿနာရှိနေပေမယ့် ပါဝင်ကစားပေးခဲ့တဲ့ ဇာခါ
ဇာခါက ကွာတားဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အခုယူရိုပြိုင်ပွဲကြီးမှာ ဆွစ်ဇာလန်အသင်းအတွက် ခြေစွမ်းပြသနိုင်တဲ့ကစားသမားတွေအနက် တစ်ဦးဖြစ်ခဲ့ပါတယ်။ အသင်းခေါင်းဆောင်လက်ပတ်နဲ့အတူ အယ်လ်ဘေးနီးယန်းနွယ်ဖွားဘောလုံးသမားကို နည်းပြယာကင်က အသင်းရဲ့ကွင်းလယ်အင်ဂျင်အဖြစ် ပါဝင်ကစားဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။
အသင်းအတွက် ဇာခါရဲ့အနစ်နာခံမှုတွေကိုနားလည်ပေးဖို့ အင်္ဂလန်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အပြီး သူထုတ်ပြောလာတဲ့ စကားသံတွေကို နားထောင်လိုက်ရင်ပဲ လုံလောက်သွားပါပြီ။ အဲ့ဒီပွဲစဉ်မှာ သူက ဒဏ်ရာနဲ့အတူ ပါဝင်ကစားပေးခဲ့တယ်လို့ ထုတ်ပြောလာပါတယ်။
ကွင်းလယ်လူက “ အခုတော့ ကျွန်တော် ပြောနိုင်ပါပြီ။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ကျွန်တော် ပေါင်ခြံကြွက်သားမျှင်စုတ်ပြဲဒဏ်ရာ ရနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က အံကြိတ်ပြီး အသင်းအတွက် ပါဝင်ကစားပေးချင်ခဲ့ပါတယ်။ ပွဲကစားချိန်အတွင်း ကျွန်တော်ကိုယ်တိုင် အဝေးဘောပေးပို့မှုတွေ၊ ဂိုပေါက်ကန်သွင်းမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အခုတကြိမ်မှာလည်း ခန္ဓာကိုယ်က သတ်မှတ်ပေးထားတာထက် ကျော်လွန်ပြီး လုပ်ဆောင်ခဲ့မိပြန်ပါပြီ”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဇာခါက ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှ အခုလိုပုံစံမျိုးနဲ့ ထွက်ခွာလာမှုအပေါ် ဝမ်းနည်းစိတ်ပျက်မိတယ်လို့ ရင်ဖွင့်လိုက်ပါတယ်။ ဇာခါက “ဒီလိုပုံစံမျိုးနဲ့ ရှုံးနိမ့်ဖို့ မထိုက်တန်ခဲ့တာကြောင့် ဝမ်းနည်းမှုနဲ့ စိတ်ပျက်မှုတွေကို လတ်တလောမှာ ခံစားခဲ့ရပါတယ်။ အခြားတစ်ဖက်မှာတော့ ကျွန်တော်တို့တွေ ကိုယ့်ကိုကိုယ်ဂုဏ်ယူလို့ ရနေပါပြီ။ ပထမဆုံးပွဲစဉ်မှစပြီး အခုအင်္ဂလန်နဲ့ပွဲစဉ်အထိ ကျွန်တော်တို့တွေ ဆက်တိုက်ဆိုသလို တိုးတက်လာကာ စရိုက်လက္ခဏာကောင်းတွေ၊ အသင်းလိုက်စိတ်ဓါတ်ကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
လက်ရှိအသက်အရွယ်အပိုင်းအခြားကြောင့် အခုယူရိုပြိုင်ပွဲကြီးက ဇာခါအတွက် လက်ရွေးစင်အသင်းနဲ့အတူ နောက်ဆုံးအကြိမ်ပါဝင်ကစားတဲ့ ဥရောပအဆင့်ပြိုင်ပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဆွစ်ဇာလန်အသင်းက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ သာမန်ပွဲကစားချိန်အတွင်း မရှုံးနိမ့်အောင် စွမ်းဆောင်ပြရင်း ထွက်ခွာလာရတာပါ။ သူတို့တွေက အင်္ဂလန်ကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အရေးမနိမ့်ခင် အုပ်စုအဆင့်မှ ကွာတားဖိုင်နယ်အထိ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ ကစားနိုင်ခဲ့ပါတယ်။